အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

တောင်ကုတ်- ပန်းတောင်း ရိုးမလမ်းထက်တွင် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3k

မင်းသျှင်စော၊  နိရဉ္စရာ ၊စက်တင်ဘာ ၅/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ရိုးမတောင်ပေါ်ကားလမ်းတွင်  အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ စက်တင်ဘာ ၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်နှင့် ပန်းတောင်းတောင်ကျော်လမ်း ဂွေးတောက်ကျေးရွာနားတွင် စက်တင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီကျော် အချိန်တွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သည်ဟု အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက နိရဉ္စရာသို့ပြောကြားသည်။

" အဲနေ့က မနက်စောစောပေါ့။ ရိုးထက်မှာ အချိန်က ၈ နာရီကျော်ခန့်ပါ။ ပထမ လက်နက်ငယ် စပစ်ပါတယ်။ ပြီးတော့ စက်လက်သံရော၊ အာပီဂျီအသံရော ဆူညံသွားတယ်။ အနားက ရွာသား တွေလည်း တစ်ယောက် တစ်ခြား လူစုခွဲပြီး ပြေးကြတယ်။ ကျွန်တော်ကတော့ ကြည့်နေတယ်။ တောင်ထက်က တိုက်ပွဲက တော်တော့ကိုပြင်းတယ်။ ဆယ်နာရီကျော် ဆယ့်တစ်နာရီခန့်မှာ လေယာဉ် လာတယ်။  ဂွေးတောက် တောင်တန်းနားကို ဗုံးကြဲတယ်။ ပြီးတော့လက်နက်ကြီး ပစ်တယ်။ တအား ဆူညံတယ်။ နားတွေတောင် ခေါ်မကြားတော့ဘူး "ဟု ပြောသည်။

စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားသောအနီးအနားကိုလေကြောင်းမှ ဗုံး ငါးကြိမ်ထက်မနည်း ကြဲချပြီး မြေပြင်တပ်ရင်းများက လက်နက်ကြီးပစ်ကူမှုများ အဆက်မပြတ်ပစ်ခဲ့သည်ဟုဆိုသည်။

နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ အထိအခိုက်များပြီး သေဆုံးသူအချို့နှင့် လက်နက်များကို အေအေမှ သိမ်းဆည်းရမိသည်ဟု မျက်မြင်သတင်းရင်းမြစ်တစ်ဦးက  ပြောသည်။ 

"တိုက်ပွဲက စစ်ကောင်စီဖက်ကအကျအဆုံးများတယ်။ အကျအဆုံးမျာတော့  ညနေ ၃နာရီ ကျော် လောက်မှာ ဂျက်ဖိုက်တာ နောက်တစ်ကြိမ် လာတယ်။ တိုက်ပွဲဖြစ်တဲ့ အနီးအနားကျေးရွာတွေရော၊ ကားလမ်း အနီးအနားတွေပါ အကုန် ဗုံးချတယ်။ ဗုံးက နောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ အနီးအနားအကုန်ပေါ့။ ပတ်ဝန်းကျင်က လူတွေကတော့ သေနတ် သံကြားကတည်း အကုန် ဘေးလွတ်ရာကို ပြေးနေကြတယ်" ဟု ပြောကြားသည်။

တိုက်ပွဲနှင့် နီးစပ်သည့် ကျေးရွာများဖြစ်ကြသည့် ခွေးတောက်ကျေးရွာ၊ တန်းလျှားကျေးရွာနှင့်  ရပ်တော်မူကျေးရွာတို့မှ ပြည်သူများသည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော် အေအေတို့သည် ရိုးမပေါ်တွင်  စက်တင်ဘာ ၃ရက်နေ့ နံနက် ၈ နာရီကျော် အချိန်တွင် စတင်ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲ ရပ်တန့်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီသည်တောင်ကုတ်မြို့နယ်တွင် အေအေ၏ ထိုးစစ်ကိုကြောက်၍ လက်နက်ကြီးဖြင့် အနီးအနား ကျေးရွားများကို ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်ဗုံးကြဲခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေပြီး ဒေသခံ အပြစ်မဲ့ပြည်သူများ သေဆုံးမှုနှင့် ဒဏ်ရာရမှု အများအပြားရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ