ဒေါက်တာလှကျော်ဇော
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန
အာရှအရ အထူးကိုယ်စားလှယ် Mr. Deng Xijun ဟာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊
မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့မှုအပေါ်
တရုတ်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ
ဒေါက်တာလှကျော်ဇောကို မေးမြန်းပြီး သူရဲ့ သဘောထားအမြင်များကို
တင်ပြပေးလိုက်ပါတယ်။
မေး- မင်္ဂလာပါ
ဆရာမကြီး ဒေါက်တာလှကျော်ဇော ခင်ဗျား။
ဖြေ- ဟုတ်ကဲ့။
မင်္ဂလာပါ။
မေး- ကျနော်တို့
အရင်ဆုံးပေါ့လေ၊ အခုကျနော်တို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှအရ
အထူးကိုယ်စားလှယ် Mr. Deng Xijun ဆိုတာပေါ့လေ၊ အဲတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ
လကုန်ပိုင်းလောက်က နေပြည်တော် ရောက်လာပြီးတော့ စစ်ခေါင်းဆောင်တွေနဲ့တွေ့ခဲ့တယ်။
အခု မတ်လဆန်းမှာလည်း ဒုတိယအကြိမ် မြန်မာနိုင်ငံကို ထပ်ပြီးတော့ရောက်လာတာ
သိထားရပါတယ်။ အဲတော့ အဓိက
သိချင်တာက မြန်မာပြည်ရဲ့
အရေးမှာ တရုတ်အထူးကိုယ်စားလှယ် ခန့်ထားတဲ့ ရည်ရွယ်ချက်။ ဒီအပေါ်မှာ ဘယ်လို ဆရာမကြီး
မမြင်လေး
အရင်ဆုံး သိပါရစေ ခင်ဗျာ။
ဖြေ- ဒီလိုဗျ။
တရုတ်ပြည်က ပြောနေတာတော့ ကြာပြီ။ ဟို ဗမာပြည်ရဲ့ ပြည်တွင်း စစ်ကြီးကို
ရပ်စေချင်နေတာပေါ့ဗျာ။ အဲတော့ ဒီ အနှစ် ၇၀ ကြာ
ပြည်တွင်းစစ်ကြီးဟာတဲ့ ဒီအတိုင်းသွားလို့ကတော့ နယ်စပ်ဒေသတွေမှာ တိုက်ခိုက်နေတဲ့
လူမျိုးစု၊ တော်လှန်ရေး အင်အားစုတွေကလည်း သူတို့ရဲ့ ပြောက်ကျားစနစ်နဲ့တိုက်နေတာကို
မြို့ပေါ်တက်တိုက်လို့မရသလိုပဲ နော့။ ဗမာ့စစ်တပ်ကလည်း သူတို့ရဲ့
အားသာချက်ဖြစ်တဲ့ လက်နက်ကြီးတွေနဲ့ ဒီတောကြိုအုံကြား၊
ပြောက်ကျားစနစ်နဲ့တိုက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကိုလည်း နိုင်အောင်တိုက်နိုင်မှာ
မဟုတ်ဘူးတဲ့။ အဲတော့ ဒီလိုနှစ်ဖက် တိုးလို့တန်းလန်းပေါ့နော်။
အနှစ် ၇၀ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးဟာ ဒီတိုင်းပဲ
ဆက်သွားနေရင်တော့ ဗမာပြည်ကြီးဟာ ကျရှုံးနိုင်ငံကြီးဖြစ်လိမ့်မယ်။
သူကျရှုံးရင် သူတစ်နိုင်ငံတည်းကျရှုံးမှာမဟုတ်ဘူး။ အနီးအနား ပတ်ဝန်းကျင်က လူတွေပါ
ဆွဲခေါ်သွားနိုင်တယ်။ ဒါကြောင့်မလို့ ဗမာပြည်ကြီးရဲ့ ပြည်တွင်းစစ်ကြီးကို
ရပ်တန့်အောင်အတွက် ဗမာပြည်အပေါ်မှာ စေတနာထားတဲ့ အဖွဲ့အစည်းတွေ၊ ဥပမာ-
ကုသမဂ္ဂတို့၊ အာဆီယံတို့၊
သက်ဆိုင်တဲ့ အိမ်နီးနားချင်း
နိုင်ငံကြီးတွေ ဝင်ရောက်ပါဝင်ပြီးတော့ စေ့စပ် ဆွေးနွေးဖြေရှင်းပေးသင့်တယ်လို့
သူတို့ (တရုတ်) ပြောနေတာကြာပြီ။
၂၀၁၅ ကိုးကန့်အရေးအခင်း
ဒုတိယအကြိမ်ပြန်ပြီး တိုက်ပွဲတွေဖြစ်နေကတည်းက တရုတ်ကအဲလိုပြောနေတယ်။
အဲလို သတင်းစာတွေက
ရေးတယ်။
အဲတော့ အဲဒီဟာရဲ့ အဆက်ပဲထင်တယ်။ အဲဒီနောက်ပိုင်းမှာ တရုတ်ပြည်အနေနဲ့က
ဗမာပြည်အတွက် အထူးကိုယ်စားလှယ်.. အဲလိုပဲ
လွတ်လွတ်နေတာတွေ့တယ်။ အဲတော့ တရုတ်ရဲ့ နိုင်ငံခြားရေး မူဝါဒမှာ ဒီလိုနိုင်ငံတွေမှာ
အဲလို Hot Spot လို့ခေါ်တာပေ့ါဗျာ။
ဒီလို ပြည်တွင်းစစ်တွေ မီးလောင်နေတာ၊ ပြဿနာတွေ တက်နေတဲ့ နိုင်ငံတွေမှာ အထူး ကိုယ်စားလှယ်ထားတာ အထူးအဆန်းတော့
မဟုတ်ဘူးဗျ။ သူတို့က ဒီကိစ္စတွေမှာ ဝင်ပြီးတော့ စေ့စပ်ပေးတာ ဘာတာရှိတယ်။
ခင်များတို့ ကြားလား မပြောတတ်ဘူး။ ဆော်ဒီအာရဗျနဲ့
အီရန်တောင်မှ သံတမန်ဆက်ဆံတော့မယ်ဆိုတာ၊
တရုတ်က ကြားဝင်စေ့စပ်ပေးတာပဲလေ။ အဲတော့ အဲဒါမျိုးတွေက သူက
အများကြီးဗျ။ ဟို ဥပမာအားဖြင့် ဆူဒန်လိုနေရာမျိုး။ နောက် အာဖရိကတိုက်က
တချို့နေရာတွေမှာ သူတော်တော်များများဝင်ပြီးတော့ ပါတယ်။ ဆိုမာလီတို့ဘာတို့။
အဲဒီမှာ တော်တော်များများဝင်ပြီးတော့ ဒီ အပူမီးတွေ အေးအောင်လုပ်တာကိုး။
အဲတော့ ဗမာပြည်ကို သူတို့က ကြည့်တဲ့အခါမှာလည်း ဗမာပြည်ဟာ
သူတို့အတွက် အတော်အရေးပါတယ်ဗျ၊ အိမ်နီးနားချင်းနိုင်ငံမှာ။ ဘာဖြစ်လို့လဲဆိုတော့
ဒီဆက်စပ်နေတာ ကီလိုမီတာ ၃၀၀၀ ကျော်လောက်ရှိတာကိုး။ အဲဒီဒေသတွေ တစ်လျှောက်လုံးကလည်း
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေပဲဖြစ်နေတာဖြစ်တော့
သူက ဒါတွေကို တတ်နိုင်သမျှ
အေးချမ်းအောင် သူက လုပ်ချင်နေတာလေ။ ဒါမှလည်း သူရဲ့ မဟာဗျူဟာတွေ ဖြစ်တဲ့ ဒီပိုးလမ်းမ ခရီးစဉ်တို့၊
နောက်လုပ်နေတဲ့ အာဆီယံ ၁၀ နိုင်ငံနဲ့ တရုတ်နဲ့ဆက်စပ်ထားတဲ့
လွတ်လပ်တဲ့ဈေးကွက် ဒေသကြီးတို့ဘာတို့၊ ဒီသူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ
အောင်နိုင်မှာ ဖြစ်တာကိုး။ ဒီ့အတွက်
သူက နယ်စပ်ဒေသမှာရှိတဲ့
တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်တပ်အကြား သူတတ်နိုင်သမျှ အောင်သွယ်လုပ်ပေးနေတယ်ထင်တယ်။
ဒီအတွက် အဆက်မပြတ်သွားနေတာပဲ။ အဲတော့ ကျမတို့က ကိုယ့်ဗမာပြည် ကိစ္စဖြစ်တော့
မြင်နေရတာပေါ့။ ဒါပေမဲ့ သူတို့ တရုတ်သံတမန်တွေက တခြားဒေသတွေမှာလည်း
အဲလိုပဲ လှုပ်ရှားနေတာတွေ့ရပါတယ်။
မေး-ဟုတ်ကဲ့
ဆရာမကြီး။ ဆရာမကြီး ပြောသလိုပေ့ါလေ၊ ကျနော်တို့ ငြိမ်းချမ်းရေးက မရသေးတာ
နှစ်ပေါင်း ၇၀ ကြာနေပြီပေ့ါလေ။ အဲတော့ ဒီမြန်မာ့နိုင်ငံရေးအကျပ်အတည်း
ပြည်တွင်းရေးကိုလည်း တရုတ်က ကြားဝင်စေ့စပ်မှုတွေက
တောက်လျှောက်လုပ်နေပေမဲ့လည်းပေါ့လေ၊ အခုအချိန်အထိ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ဖြစ်နေတဲ့တိုက်ပွဲဟာ မရပ်သေးဘူးပေါ့။
အဲတော့ ဒီ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ထောက်ပံ့တာမျိုးတွေလည်းရှိနေတယ်။ သူ့ရဲ့
သြဇာခံအဖြစ်လည်း ရှိနေတယ်ဆိုတော့ တရုတ်က မီးစ တစ်ဖက် ရေမုတ်တစ်ဖက် ပေါ်လစီများ ဖြစ်နေသလားလို့။ အဲဒါ တရုတ်ရဲ့အမှန်တကယ်
မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ အနေအထားရှိပါ့မလား။ ဆရာမကြီး အဲဒါကိုရော ဘယ်လိုများသုံးသပ်ချင်ပါလဲ
ခင်ဗျာ။
ဖြေ-ဒီလိုတော့ရှိတယ်ဗျ။
ဟို နိုင်ငံကြီးတွေကတော့
သူတို့မှာ မဟာ သေနကဗျူဟာ နည်းလမ်းရှိသလို နည်းနာပေါင်းစုံလည်းရှိတာလေ။
ခင်ဗျားပြောသလိုပဲ
တစ်ဖက်က ထောက်ခံအားပေးနေတာတွေလည်း
ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ တရုတ်ရဲ့ အဓိကလုပ်ဟန်တွေကတော့ ကျမကြည့်နေတာ
ဥပမာအားဖြင့် ‘ဝ’ ဒေသလို့
ပေါ့နော်၊ မိုင်းလားဒေသတို့မှာ
သူ့ရဲ့လုပ်ဟန်တွေကတော့ သူက ဒီဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့
စီးပွားရေးကိုပဲ အားသွန်လုပ်တယ်ဆိုလို့ရှိရင် ဘယ်လောက်ခက်ခဲ၊
ဘယ်လောက် ခေတ်နောက်ကျတဲ့ဒေသ၊ ဘယ်လောက်အချက်အလက်နည်းပါးတဲ့ဒေသပဲဖြစ်ဖြစ်၊
ပြည်သူလူထုတွေ၊ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန်နေလို့ရတယ်ဆိုတဲ့ စံပြဒေသလေးဖြစ်အောင် သူတို့လုပ်ပေးနေတာတွေ့ရတယ်။
အဲတော့ ဝဒေသမှာပဲဖြစ်ဖြစ်၊ မိုင်းလားဒေသမှာပဲဖြစ်ဖြစ်၊ သူ့အနေနဲ့
ရင်းနှီးမြုပ်နှံတာတွေလုပ်တယ်။ ကျန်းမာရေးဘာရေးအတွက် ကူညီတာတွေလုပ်တယ်။
အဲတော့ အဲမှာသွားပြီးတော့ ရင်းနှီးမြုပ်နှံပြီးတော့ လူတွေကို အတတ်ပညာမြင့်ပေးတာ
ဘာတာ၊ ဒါတွေ အကုန်လုံးလုပ်နေတာတွေ့ရတဲ့အတွက်၊
ဒီဘက်ကလည်း ကြိုးစားနေပုံတော့ ရတယ်။ ဒါပေမဲ့ စဉ်းစားကြည့် သူတစ်ဖက်သတ်တည်း
ကြိုးစားနေလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီက
အင်မတန့်ကို ရက်ရက်စက်စက် ပြည်သူတွေကို နှိပ်စက်နေတာ ဖြစ်တဲ့အတွက် ဒီဟာကိုလည်း သူက
ပြည်သူလူထုရဲ့မျက်နှာကိုလည်း ကြည့်ဖို့လိုသေးတယ်လေ။ အဲတော့
ကျမကကြည့်တာ တရုတ်ရဲ့ပေါ်လစီက တစ်စုံတစ်ရာ ပြောင်းလဲတယ်လို့မြင်တယ်။
ဟိုတုန်းက နဝတ၊ နအဖ ခေတ်တုန်းကလို တစ်ခါတည်း ပုံအောပေးတာ
မဟုတ်ဘဲနဲ့ စစ်ကောင်စီကိုလည်း တစ်ဖက်လှည့်နဲ့ပြောဆိုပြီးတော့
သိမ်းသွင်းနေတယ်လို့မြင်ပါတယ်။
အဲတော့ သူက စစ်ကောင်စီကို ပြောဖို့၊ ဆိုဖို့၊ ဆက်ဆံဖို့ကျတော့ ခင်များ၊ အခု
အမေရိကန်တို့၊ အနောက်နိုင်ငံတို့လို ပြင်းပြင်းထန်ထန်ပြောနေလို့
ဘယ်သူကနားထောင်မှာလဲဗျ။ အဲဒါကြောင့်မို့လို့ သူကကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့
ပြေပြေပြစ်ပြစ်ဖြစ်အောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်။
မေး-
ဟုတ်ကဲ့ပါ ဆရာမကြီး။
အဲတော့ ဒီ ကျနော်တို့ ပြည်တွင်းက တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေထဲမှာဆိုလို့ရှိရင်လည်း ဒီရခိုင်က AA အဖွဲ့နဲ့ တရုတ်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိတယ်လို့လည်း
ကျနော်တို့သိထားရပါတယ်။ အဲတော့ ရခိုင်မှာဆိုလို့ရှိရင်လည်း
တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေက အများကြီးပေါ့။ ဟို ကျောက်ဖြူ SEZ
တို့လို၊ တစ်ခါ
ရေနံပိုက်လိုင်းတို့လို ဒါတွေကလည်း ရှိတယ်ပေါ့လေ။ အဲတော့
တရုတ်နဲ့ AA အပေါ်မှာထားတဲ့
သဘောထားက ဘယ်လိုများဖြစ်နိုင်ပါလဲ။
အဲဒါလေး ဆရာမကြီး သုံးသပ်ပေးပါအုံးခင်ဗျား။
ဖြေ-
ဟို AA ကလည်း
ဗြောင်ပြောထားတာပဲလေ။ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကျနော်တို့
အကာအကွယ်ပေးပါမယ်လို့။ အဲတော့ AA တင်မကဘူး။
ကျမကြည့်နေတာလေ။ ခင်ဗျား စဉ်းစားကြည့်ပေ့ါ။ တရုတ်ရဲ့
ရင်းနှီးမြုပ်နှံတွေက နည်းတာမှ မဟုတ်ပဲနော့်။ ဘယ်သူမှဝင်ပြီးတော့
နှောက်ယှက်တာ မတွေ့ပါဘူး။ အစောပိုင်းတုန်းကတော့ လှိုင်သာယာက
စက်ရုံတွေဘာတွေ၊ ဝင်ဖျက်တာ၊ ပြုတာတွေရှိတယ်။ အဲဒါကို တရုတ်ကလည်း
သဘောထားတာ စစ်ကောင်စီက ထောက်လှမ်းရေးတွေလုပ်တယ်လို့ပဲ
သဘောထားတယ်။ အဲတော့ ပြည်သူလူထုအနေနဲ့ကလည်း ခင်များစဉ်းစားကြည့်။
အခု လှိုင်သာယာတို့ဘာတို့က
အဝတ်ချုပ်စက်ရုံတွေဘာတွေက အလုပ်လက်မဲ့ပြဿနာတွေကို
တော်တော်များများဖြေရှင်းပေးထားတာလေ။ အဲတော့ ဒီဟာနဲ့ပတ်သက်လို့တော့
ကျမတို့ပြည်သူလူထုရော၊ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ PDF တွေပဲဖြစ်ဖြစ်၊ ဘာတွေပဲဖြစ်ဖြစ်
နားလည်ပုံရတယ်ဗျ။ တရုတ်ကိုတော့ သိပ်ထိထိခိုက်ခိုက်၊
ဟိုတင်းအကြိုက်ပေါ့ဗျာ။ အခု အမေရိကန်အပါအဝင် အနောက်နိုင်ငံအကြိုက်၊
ပါးစပ်ကတော့ ပြောချင်ပြောမယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ကျတော့
တော်တော်ရှောင်ကြတာတွေ့တယ်။ အဲတော့ AA က ဗြောင်ကို ဖွင့်ပြောထားတာလေ။ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို
သူတို့ မထိခိုက်စေရပါဘူးလို့ပြောထားတာပဲ။ တရုတ်တင်မဟုတ်ပါဘူး။
အိန္ဒိယ ရင်းနှီးမြုပ်နှံမှုတွေလည်း အဲဒီဘက်မှာရှိပါတယ်။ ဒါတွေဟာ ကျမတို့
ဗမာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် လောလောဆယ်ပေါ့နော်၊ ပြည်သူလူထုရဲ့
နေထိုင်စားသောက်မှုကို တစ်စုံတစ်ရာ ဖြေရှင်းပေးနေတဲ့ အတွက် ဒါတွေကိုတော့
ထိခိုက်အောင်လုပ်လို့တော့မဖြစ်ဘူး။ သို့သော်လည်း ကျမတို့
ဗမာပြည်သူတွေရဲ့ ရင်ထဲမှာ သေချာသိရမှာက ဗမာပြည်ကြီးရဲ့
ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးတိုးတက်ရေးပဲဖြစ်ဖြစ်၊ ဒီစစ်ကောင်စီနဲ့တော့
မဖြစ်နိုင်ဘူးဆိုတာ ကျမတို့သိရမယ်။ ဒီစစ်ကောင်စီ၊ စစ်အုပ်စု၊
စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးမှသာလျှင် ကျမတို့တိုင်းပြည်ဟာ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးလည်းရမယ်၊
တကယ့်ဖွံ့ဖြိုးတိုးတက်ရေးလည်းရမယ်။ အဲတော့ အဲလိုမရခင်
စပ်ကြားမှာ၊ တိုင်းသူပြည်သားတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝ၊ စားရေးသောက်ရေးပြေလည်အောင်တော့
တချို့ကိစ္စလေးတွေတော့ ရေတိုအနေနဲ့ ခွင့်ပြုရတာလေးတွေ
ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျမတို့ပြည်သူတွေရဲ့ ရင်ထဲက
ရေရှည်လုပ်ဟန်ကတော့ ကျမတို့ ပြည်သူတွေ အသိဆုံးပါပဲ။ ဒီတော်လှန်ရေးကို
ကျမတို့ လျော့လို့မဖြစ်ဘူး။ ကျမတို့ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ဆက်လုပ်သွားဖို့လိုတယ်။
အဲတော့ AA က
အခုနေမှာ စစ်ကောင်စီနဲ့
သူက အပစ်အခတ်ရပ်စဲထားတယ်ပဲထား၊ ဒါလည်း သူ့အဖွဲ့အစည်းအနေနဲ့ သူ့ဟာသူ
ဆုံးဖြတ်ပိုင်ခွင့်နဲ့ သူလုပ်တာပဲလေနောf။ သူ့ဒေသရဲ့ အကျိုးစီးပွားပေါ်မှာ ကြည့်ပြီး။
ဒါပေမဲ့ သူက စစ်ကောင်စီနဲ့ အပြတ်အသတ် ပူးပေါင်းပြီးတော့ ပြည်သူကို
ပြန်ဖိနှိပ်တာမှ မဟုတ်ဘဲ။ ဒါကို ကျမတို့လည်း နားလည်ဖို့လိုတယ်။
အဲတော့ စစ်ကောင်စီကို တိုက်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံနဲ့ တိုက်ရမှာပေါ့ဗျာ။
တချို့က စေ့စပ်ဆွေးနွေးတာကို သဘောတူရင်၊ သဘောကျရင် လုပ်ပါစေပေါ့နော်။
လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်တဲ့သူက လက်နက်ကိုင်တော်လှန်ရေးကိုပဲ
လုပ်ပေါ့နော်။ တခြားနည်းလမ်း CDM လုပ်တဲ့သူရှိမယ်။
မြို့ပြပြောက်ကျားလုပ်တဲ့သူရှိမယ်။ နည်းသဏ္ဍာန်ပေါင်းစုံနဲ့ လုပ်ဖို့လိုတယ်လေ။ အဲဒါကြောင့်မလို့
စစ်ကောင်စီကို ဆန့်ကျင်နေသူဟူသမျှကို ကျမတို့က တတ်နိုင်သမျှ
ကိုယ်နဲ့သဘောထားချင်းမတူလို့၊ ကိုယ်နဲ့ တိုက်ပွဲသဏ္ဍာန်မတူလို့
ရန်သူလုပ်ဖို့ မဟုတ်ပါဘူး။
ဒီစစ်ကောင်စီ ဒီလောက်တောင်၊
စစ်အာဏာရှင်စနစ်၊ ဒီလောက်တောင် သက်ဆိုးရှည်နေတာလည်း ကျမတို့ စစ်အာဏာရှင်စနစ်ကို
တိုက်ပွဲဝင်တဲ့ တော်လှန်ရေး အင်အားစုတွေကြားမှာ စည်းလုံးညီညွတ်မှုမရလို့ဖြစ်တယ်။
ကျမတို့ စည်းလုံးညီညွတ်မှုမရရင်၊ ဒီစစ်ကောင်စီ၊ ဒီစစ်အုပ်စုကို
မလိုလားတဲ့လူ ၁% ပဲဖြစ်ဖြစ်၊ ၂% ပဲဖြစ်ဖြစ်၊ မလိုလားတဲ့လူတွေ
အားလုံးစုစည်းပြီးတိုက်ရင် ဒီစစ်အုပ်စုက ပြိုမှာပဲ။ တစ်ခါမှ
ကျမတို့ဗမာပြည်ဟာ ဒီလောက် တော်လှန်ရေးအလားအလာ ကောင်းတဲ့ အရှိန်မရဖူးဘူး။
ဒီတစ်ခါ အင်မတန် အလားအလာကောင်းတဲ့အရှိန်ပဲ။ ကျမတို့ ဆက်လုပ်စရာရှိတာလုပ်ရလိမ့်မယ်။
မေး- ဟုတ်ကဲ့
ဆရာမကြီး။ နောက်မေးခွန်းတစ်ခုက
အဲဒါကတော့ အခုလိုမျိုး တရုတ် အထူးကိုယ်စားလှယ်က ဗမာပြည်ထဲရောက်နေတာ
ခပ်စိပ်စိပ်ဖြစ်နေတယ်ဆိုသလိုပေါ့လေ။ နောက်တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း
ပြီးခဲ့တဲ့လပိုင်းတုန်းက အင်ဒိုနီးရှားကို ရောက်တုန်းကပေါ့လေ၊ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့
တာဝန်ယူထားတဲ့ အင်ဒိုနီးရှားကို ရောက်သွားတယ်။ အဲဒီမှာလည်း
အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ချမှတ်ထားတာရှိတ ယ်ပေ့ါ။ အဲဒီဥစ္စာကိုလည်း တရုတ်က
လက်ခံတယ်ဆိုပြီး သူပြောသွားတာရှိတယ်လေ။ ဗမာပြည် အပေါ်မှာ
တရုတ်က ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိပေမဲ့လည်း အာဆီယံဘက်မှာတော့
သူ့အနေနဲ့ ဒီလိုတင်းမာတဲ့
ဆက်ဆံရေးတွေ လက်ခံတဲ့အနေအထားမျိုးရှိနေတယ်။
အဲဒီအပေါ်မှာရော ကွဲပြားတဲ့ ဆက်ဆံရေးမျိုးလည်း ရှိနေတယ်လို့ ကျနော်တို့ယူဆပါတယ်။
အဲဒီအပေါ်မှာရော ဆရာမကြီး
ဘယ်လိုများမြင်ပါလဲဗျ။
ဖြေ- အာဆီယံရဲ့
မူ ၅ ရပ်ပေါ့နော်၊ သူက သူပြောထားတဲ့ အထဲမှာ ပါတယ်လေ။ ဗမာပြည်မှာရှိတဲ့ stakeholders တွေအားလုံး၊ ပါဝင်တဲ့လူတွေအားလုံး
ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ဆိုတဲ့ဟာ တစ်ခုပါတယ်လေ။ အဲတော့
အခုဒီ အထူးကိုယ်စားလှယ်လုပ်နေတာလည်း ဒါပဲလေ။ သူ့ဒေသအလိုက်
ဟိုတင်းပြုနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ဒီစစ်ကောင်စီနဲ့ကြားမှာ
သူကစေ့စပ်နိုင်သမျှ စေ့စပ်အောင်၊ အပေးအယူလုပ်ပေးနေတာ၊
အဲဒီဟိုတင်းတွေအားလုံး စကားပြောတဲ့ဆွေးနွေးပွဲပေါ်ရောက်လာအောင် ကြိုးစားတဲ့
အပိုင်းတစ်ရပ်ပဲလေ။ အဲတော့ ဒါဘာမှသိပ်ပြီးတော့ ထူးခြားတယ်လို့တော့
ကျမ မမြင်ဘူး။ မဟာဗျူဟာကြီးတစ်ခုလုံးကတော့ အားလုံးပါလာရေးပဲ။
အားလုံးပါမလာခင်စပ်ကြား Bilateral ပေ့ါ။
ဥပမာအားဖြင့် ဝအဖွဲ့နဲ့
စစ်ကောင်စီနဲ့၊ မွန်အဖွဲ့နဲ့ စစ်ကောင်စီနဲ့၊ ကရင်အဖွဲ့နဲ့ စစ်ကောင်စီနဲ့။
ဒီအသေးလေးတွေဖြစ်ဖို့အတွက် ဝိုင်းကြိုးစားနေတဲ့ကိစ္စပဲလေ။ အဲတော့
ကိုယ်ကချလိုက်တဲ့၊ အာဆီယံက ချထားတဲ့ မဟာဗျူဟာ အချက်ကြီးတွေကို တရုတ်အထူးကိုယ်စားလှယ်က
တစ်ဖွဲ့ချင်းအလိုက်၊ သူသွားတာလည်း တစ်ဖွဲ့ချင်းအလိုက်ပဲသွားတယ်။
ခင်များတို့ သတိထားမိလားနော့။ အဲတစ်ဖွဲ့ချင်းအလိုက်ပဲသွားပြီး
တစ်ဖွဲ့ချင်းရဲ့တောင်းဆိုချက်တွေ၊ တစ်ဖွဲ့ချင်းရဲ့ နားလည်ချက်တွေ၊
တစ်ဖွဲ့ချင်းရဲ့ လိုအပ်ချက်တွေကိုပဲ သူသယ်လာမှာပဲ။ အဲဒါနဲ့
စစ်ကောင်စီနဲ့ ညှိနှိုင်းတာပဲဖြစ်မယ်ထင်တယ်။ ဒါဟာ ဗမာပြည်ပေါ်မှာရှိတဲ့
ဗမာပြည်နဲ့ပတ်သက်တဲ့ State Holder ေတွအားလုံးပါလာရေးဆိုတဲ့
တစ်ခုလုံး ခြုံတဲ့ စီမံကိန်းကြီးရဲ့ အပိုင်းတစ်ပိုင်းပဲလေ၊
အဲလိုပဲဖြစ်မယ်ထင်တယ်။ တစ်ပြိုင်နက်ထဲ အကုန်လုံးပါဝင်တဲ့
အစည်းအဝေးကြီးမဖြစ်ခင်စပ်ကြား နှစ်ဖွဲ့ကြား၊ သုံးဖွဲ့ကြား၊
အဲလိုအစည်းအဝေးလေးတွေ ဖြစ်အောင်လုပ်နေတယ်လို့ပဲ
ကျမကတော့ ကြည့်ပါတယ်။
မေး-
ဟုတ်ကဲ့။ အဲဒါဆိုရင်
ဟို ကျနော်တို့လက်ရှိပေ့ါလေ၊ နွေဦးတော်လှန်ရေးမှာ PDF တွေကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပေါင်းပြီးတော့
တော်လှန်ရေးဆင်နွဲနေတာတွေရှိတယ်ပေါ့။ အခုလောလောဆယ်မှာဆိုလို့ရှိရင်လည်း
NLD ရဲ့ရွေးကောက်ပွဲရလဒ်ကို
စစ်ကောင်စီက ပယ်ဖျက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့လို NLD ပါတီရဲ့ခေါင်းဆောင်တွေကို သူတို့ဖမ်းဆီးပြီးတော့
ထောင်ချထားတာတွေရှိတယ်ပေါ့လေ။ အဲတော့ နောက်ပိုင်းမှာရော ဒီဆရာမကြီးပြောသလို
ဒီ stakeholders တွေနဲ့ စစ်ကောင်စီနဲ့တွေ့ဆုံဖို့အတွက်
ဆိုလို့ရှိရင် ဒီဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ရော
တွေ့ဆုံဆွေးနွေးလာနိုင်မယ့်အရေး တရုတ်ရဲ့ဆက်ဆံရေးက၊ တရုတ်ရဲ့ ညှိနှိုင်းရေးက
အဲဒီအခြေအနေမျိုးတွေရော ရောက်နိုင်လာမလား။ ဆရာမကြီး
ဘယ်လိုများမြင်မိလဲ။
ဖြေ- ရောက်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအထူးကိုယ်စားလှယ်မတိုင်ခင် ဆွန်ကော်ရှန်းဆိုတာ တစ်ယောက်ရှိသေးတယ်လေ။ ဗမာပြည်ကို
မင်းအောင်လှိုင်တို့ အာဏာသိမ်းပြီးပြီးချင်း ဆွန်ကော်ရှန်း သွားတာပဲ ဗမာပြည်ကို။
အဲမှာ သူပထမဆုံးတွေ့ဖို့တောင်းတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တောင်းတာပဲ။ နောက်တစ်ခုက
စစ်ကောင်စီက NLD ကို
မတရားအသင်းကြေညာမယ်လို့ လုပ်သေးတာပဲ။ အဲဒါလည်း တရုတ်ကပဲ ဘယ်လိုခေါ်မလဲ
တားထားတာပဲလေ။ အဲတော့ ဖြစ်လာမှာပါ၊ တစ်နေ့မဟုတ် တစ်နေ့။ အခု စစ်ကောင်စီအနေနဲ့
သူတို့က သူတို့အာဏာကို ထိန်းထားနိုင်တယ်လို့ ထင်နေသရွေ့တော့
ဘယ်သူနဲ့မှ ဆွေးနွေးမှာမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း
ဆွေးနွေးမှာမဟုတ်ဘူး။ ဒါကိုကျမတို့ ပြည်သူတွေက သိဖို့လိုတယ်။
ကျမတို့ရဲ့တော်လှန်ရေး ရေရှိန်ကိုလျော့ပစ်လို့မရဘူး။
တဖြည်းဖြည်း စစ်ကောင်စီကို ဒီ့ထက်ပိုတိုးတဲ့ ဖိအားတွေ ဆက်ပေးရမှာ။
ဆက်ပေးရင်းပေးရင်းနဲ့ တစ်နေ့ တစ်ကြိမ်ကြိမ်မှာ သူတို့စေ့စပ်ဆွေးနွေးပွဲ
စားပွဲကို ရောက်လာပါလိမ့်မယ်။
မေး- အဲတော့ ဆရာမကြီး
နောက်ဆုံးမေးခွန်းလေးပါ။ ဒီလိုမျိုး တရုတ်အထူးကိုယ်စားလှယ်တွေက ဆွန်ကော်ရှန်းအပြင်ကို
အခုလည်း နောက်ထပ်အသစ်တစ်ယောက်ဖြစ်လာတယ်ဆိုတော့ ဗမာပြည်ရဲ့အရေးပေါ့လေ။
အခုဆိုလို့ရှိရင် ၂ နှစ်ကျော်တာ ကာလအတွင်းမှာ တော်တော်လေးကိုလည်း
တိုက်ပွဲတွေပြင်းထန်နေတယ်။ စစ်ကိုင်းတို့၊ တိုင်းရင်းသားဒေသတွေမှာလည်း
တိုက်ပွဲတွေကြောင့် ဒေသတွေပျက်စီးတာတွေလည်း တော်တော်လေးများနေပါပြီ။
အဲတော့ ဗမာ့နိုင်ငံရေးအခြေအနေ
အလားအလာပေ့ါလေ၊ အကောင်းဘက်ကို မြင်မိသလား။ ဆရာမကြီး ဘယ်လိုများသုံးသပ်ချင်ပါသလဲ။
နောက်ဆုံးမေးခွန်းလေးပါ။
ဖြေ- ကျမတို့ ဗမာပြည်
ဘယ်လိုအကောင်းဘက်ကို ဘယ်လို ပြောင်းလာနိုင်မလဲဆိုတာ စစ်ကောင်စီရဲ့ စဉ်းစားနည်းတွေ၊
သူတို့လက်ဝါးကြီးအုပ်ထားတဲ့ နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာကို လျော့ပေးမှသာလျှင်
ကျမတို့တော်လှန်ရေး အောင်နိုင်မယ်။ ဘယ်အခါမှာ သူတို့လျော့မလဲ၊ သူတို့ကို ကျမတို့
ဗမာပြည်သူတွေက တကယ့်ကို ရက်ရက်စက်စက်သဘောမတူတော့ဘူး၊ သူတို့ကို ကျမတို့
ဒီပလ္လင်ပေါ်က မောင်းချတော့မယ်ဆိုတဲ့ အခြေအနေရောက်မှ သူတို့လျော့မှာ။
အဲဒီအတွက် ကျတို့ရှေ့လျှောက်လုပ်စရာတွေတော့ အများကြီးဗျ။
ဗမာပြည်မှာ ပြည်သူလူထုက ဟုတ်တယ်၊ ကျမတို့လည်း တော်လှန်ရေးလုပ်ရတာငြီးငွေ့ပါတယ်။ မလုပ်ချင်ပါဘူး။
သို့သော်လည်း မတတ်နိုင်ဘူးဗျ။ ဒီစစ်အုပ်စုရှိနေသရွေ့ ကျမတို့လုပ်ရမှာ။
ဒါကို ကျမတို့နားလည်ဖို့လိုတယ်နော့။ ကျမတို့ဆွေစဉ်မျိုးဆက်ပေါ့နော်၊ သားတွေ၊
သမီးတွေ၊ မြေးတွေ၊ ဒီစစ်အုပ်စုလက်က လွတ်ဖို့ဆိုရင် ကျမတို့ ဘာပဲစွန့်လွတ်
စွန့်လွှတ်ကြရမယ်ဆိုပြီး ဆက်လုပ်စရာလိုပါတယ်။ တော်လှန်ရေးကတော့
ရှေ့လျှောက်ပြင်းထန်အုံးမှာပါ။ ဆက်လုပ်ကြရအုံးမှာပါ။ ဒီစစ်တပ်က
သူရရှိထားတဲ့အခွင့်ထူးတွေကို လက်မလွတ်မချင်း ကျမတို့တော်လှန်ရေး
မအောင်နိုင်ပါဘူး။ ဒါကြောင့်မလို့ ဆက်ကြိုးစားကြပါလို့ပဲ ပြောချင်ပါတယ်။
အဲဒီအတွက် ကျမတို့တစ်နိုင်ငံလုံး၊ တစ်ညီတစ်ညွတ်တည်း တစ်စိတ်တည်း
တစ်ပေါင်းတည်း၊ ဆက်လက်ကြိုးစားကြပါ။ ညီညီညွတ်ညွတ် ကြိုးစားကြဖို့လိုတယ်။
လက်နက်တော်လှန်ရေးအင်အားစု အားလုံးရော၊ ပြည်တွင်းပြည်ပ
အင်အားစုအားလုံးရော၊ ဆက်ပြီးကြိုးစားကြရဖို့လိုတယ်။ တော်လှန်ရေးကတော့
ခက်ခဲအုံးမှာပါဗျာ။
မေး-ဟုတ်ကဲ့ပါ
ဆရာမကြီး။ တရုတ်အထူးကိုယ်စားလှယ်နဲ့ပတ်သက်ပြီးတော့လေ ကျနော်တို့
နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်ပြီး
ပြောချင်တာမျိုး ဘာများရှိပါသလဲ။ ဖြည့်စွက်ပြီးပြောချင်တာတွေရှိရင်လည်း
ပြောပြပေးပါအုံး။
ဖြေ- တိုင်းပြည်ကြီးတွေကတော့
အိမ်နီးနားချင်းနိုင်ငံတွေပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ်၊
သူတို့ရဲ့ချမှတ်ထားတဲ့လမ်းစဉ်တွေကတော့ သူတို့တိုင်းပြည်အကျိုးစီးပွားအပေါ်က ချမှတ်မှာပဲ။
အဲတော့ ဘယ်သူချည်းလာလာ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီးပဲလာလာ၊ ကုလသမဂ္ဂ
ကိုယ်စားလှယ်ကြီးပဲလာလာ၊ သူတို့ကလည်း နိုင်ငံတကာ
ဖိအားအနေနဲ့ပေးတဲ့ အတွက် ကျေးဇူးတော့တင်ရမှာပေါ့ဗျာ။ ဒါပေမဲ့
သူတို့ပြောတဲ့အတိုင်း ကျမတို့ လိုက်လုပ်နိုင်ချင်မှ လိုက်လုပ်နိုင်မယ်။
ကျမတို့ ဗမာပြည်သူတွေက၊ ကျမတို့ တော်လှန်ရေးကိုနော့၊ စစ်ကောင်စီကို
အပြတ်ဖြုတ်ရေး၊ သွေးကြေးမှာ ဘာလဲ ဟိုတင်းမရှိဘူးဆိုတဲ့အတိုင်းပဲ၊ ကျမတို့
ဆက်လုပ်စရာရှိတာ ဆက်လုပ်ရဖို့ပဲ။ အဲတော့ သူများကပြောတာလည်း ပြောပေါ့ဗျာ။
လာတာလည်း လာပေါ့ဗျာ။ ဒါပေမဲ့ ကျမတို့ပြည်သူတွေက ကိုယ့်တော်လှန်ရေးကို
ကိုယ်ဆက်လုပ်ကြဖို့ပါပဲ။ ဒါပဲပြောချင်ပါတယ်။
မေး။ ။
ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ဆရာမကြီး ဒေါက်တာ လှကျော်ဇောကို နိရဉ္စရာက
ကျေးဇူအများကြီးတင်ပါတယ် ခင်မျ။
ဖြေ။ ။
ဟုတ်ကဲ့။ ဟုတ်ကဲ့။