"ဆရာကြီးဦးဦးသာထွန်းဆိုတာက
ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီးတစ်ဦးအဖြစ်နဲ့ ကျွန်တော်တို့အားလုံးလေးစားရတဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်နဲ့
သိထားကြပါတယ်။ နောက်ပြီးတော့ ဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်ဖို့ အမျိုးသားနိုင်ငံရေးလောကထဲ
ဝင်ရောက်ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သိထားကြပါတယ်"
(ခိုင်မော်ကွန်း၊ ရခိုင်သမိုင်းသုတေသီ)
နိရဉ္စရာ(အင်တာဗျူး) ဩဂုတ် ၁၅/၂၀၂၃
၂၀၂၃ ခုနှစ် ဩဂုတ်လ
၁၄ ရက်ဟာ ရခိုင်တမျိုးသားလုံး လေးစားကြည်ညိုတန်ဖိုးထားတဲ့ ရခိုင်-မြန်မာပဏ္ဍိတ်
ဆရာကြီး ဦးဦးသာထွန်းကွယ်လွန်ခဲ့တာ (၃၃) နှစ်ပြည့်တဲ့နှစ်ဖြစ်ပါတယ်။
ဆရာကြီးဟာ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ရဲ့ ဦးဆောင်နာယကကြီးလည်း ဖြစ်ပါတယ်။ ၁၉၉၀
ပြည့်နှစ်၊ မတ်လထဲမှာ ALD ရဲ့ မင်းပြားမြို့နယ်၊
ပြားချောင်းကျေးရွာ မဲဆွယ်တရားဟောပွဲမှာ ဖမ်းဆီးခံရပြီး နဝတ/နအဖ စစ်အစိုးရရဲ့
ထောင်သုံးနှစ် မတရားချမှတ်ခြင်းခံခဲ့ရတာပါ။
အဲဒီလိုအကျဉ်းချခံရပြီး ၅
လအကြာ ၁၉၉၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၄ ရက်မှာ စစ်အစိုးရရဲ့ စစ်တွေအကျဉ်းထောင်ထဲမှာ
ဆရာကြီးဦးဦးသာထွန်းကွယ်လွန်ခဲ့ရပါတယ်။ ဆရာကြီးဟာ
စစ်အစိုးရရဲ့ တိုင်းပြည်အပေါ်မတရား ဖိနှပ်စော်ကားမှုများကို ငြင်းမရနိုင်အောင်
အချက်အလက်နဲ့တကွ ဟောပြောတတ်တာကြောင့် စစ်အစိုးရက မျက်မုန်းကျိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။
အကျဉ်းထောင်ထဲ ဆရာကြီးရုတ်တရက်ကွယ်လွန်ခဲ့ရတာဟာ ထောင်အာဏာပိုင်တွေက
ထမင်းထဲမှာ စိန်(သေစေတဲ့အဆိပ်) တရက်ကို နည်းနည်းစီထည့်ကျွေးပြီး
တဖြည်းသတ်ဖြတ်ခဲ့တာလို့ ရခိုင်တမျိုးသားလုံးက ယုံကြည်မှတ်ယူထားခဲ့ကြပါတယ်။
ဒါပေမယ့်
စစ်အစိုးရဘက်ကတော့ ဆရာကြီးဟာ ဦးနှောက်သွေးယိုရောဂါကြောင့် အကျဉ်းထောင် ဆေးရုံမှာ သေဆုံးခဲ့ရတယ်လို့ The
Truth အမည်ရှိတဲ့
ဆောင်းပါးတွေနဲ့ လုပ်ကြံဖန်တီး ရေးသား ဝါဒဖြန့်ခဲ့ပါတယ်။
ဆရာကြီးဦးဦးသာထွန်းဟာ
တိမ်မြုပ်ပျောက်ကွယ်နေတဲ့ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်း၊ စာပေ၊
ရိုးရာထုံးတမ်းဓလေ့တွေကို သူရဲ့ ဘဝတစ်လျှောက်လုံးမှာ ကိုယ်ကျိုးစွန့်
အပင်ပန်းခံသုတေသနပြုပြီး ရခိုင်နောက်လာနောက်သားတွေတင်မက ကမ္ဘာကသိအောင်
ကျမ်းကြီး၊ ကျမ်းငယ်တွေနဲ့ စာအုပ်တွေရေးသားပြုစုထုတ်ဝေခဲ့သူဖြစ်ပါတယ်။
အဲဒီအပြင် အမေရိကန်၊
ပြင်သစ်၊ ဩစတေးလျ၊ ဂျပန်စတဲ့ နိုင်ငံခြားသား သမိုင်းသုတေသန ပညာရှင်တွေရဲ့ ရခိုင်နဲ့ပတ်သက်တဲ့ စာတမ်းတွေရေးသားပြုစုတဲ့အခါလည်း
ထဲထဲဝင်ဝင် အကူညီပေးခဲ့ပါတယ်။
အဲဒီလို ရခိုင်တမျိုးသားလုံးအတွက်
အရေးကြီးလှပြီး သိသင့်သိထိုက်တဲ့ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊
ဓလေ့ရိုးရာထုံးတမ်းတွေကို ဘဝတစ်လျှောက်လုံး ကိုယ်ကျိုးစွန့် ဖော်ထုတ်ခဲ့တဲ့
ဆရာကြီးဦးဦးသာထွန်း စစ်အာဏာရှင်ရဲ့လက်ထဲ သေဆုံးခဲ့ရတဲ့အပေါ် ရခိုင်ပြည်သူတရပ်လုံးက
ဒီကနေ့အချိန်ထိ နှမြောတသ အောက်မေ့ပူဆွေးနေကြဆဲပဲ ဖြစ်ပါတယ်။
အဲဒီခေတ်အခါက
တစ်နိုင်ငံလုံးကို အာဏာလက်နက်အားကိုးနဲ့ ဖိနှိပ်ချုပ်ချယ်
ညှဉ်းပန်းနှိပ်စက်နေတဲ့ နဝတ စစ်အစိုးရရဲ့လက်ထဲ ဆရာကြီးကွယ်လွန်သွားခဲ့ရတဲ့အပေါ် အမြင်သဘောထား
ဘယ်လိုရှိလဲ။ ဆရာကြီးရဲ့
ကွယ်လွန်မှုက ရခိုင်ပြည်ရဲ့ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုကဏ္ဍအတွက် ဘယ်လောက်ထိခိုက်ဆုံးရှုံးစေခဲ့ရလဲဆိုတာတွေကို
ရခိုင်သမိုင်းသုတေသီ ခိုင်မော်ကွန်းကို နိရဥ္စရာအကြီးတန်းသတင်းထောက်က
မေးမြန်းထားပါတယ်။ (NN-23)
မေး-
ရခိုင်-မြန်မာပဏ္ဍိတ်ဆရာကြီးဦးဦးသာထွန်းကွယ်လွန်ခဲ့တာ
(၃၃)နှစ်ပြည့်ခဲ့ပြီပေါ့နော်။ ပထမဆုံးအနေနဲ့ ဆရာကြီးဦးဦးသာထွန်းဆိုတဲ့အမည်နာမကို
ကြားမိတာနဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်လောက်အရေးပါတဲ့ပုဂ္ဂိုလ်လို့
ပြောလို့ရပါသလဲဆရာ။
ဖြေ-
ဆရာကြီးဦးဦးသာထွန်းဆိုတာက ရခိုင်-မြန်မာ ပဏ္ဍိတ်ဆရာကြီးတစ်ဦးအဖြစ်နဲ့
ကျွန်တော်တို့အားလုံးလေးစားရတဲ့ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ်နဲ့ သိထားကြပါတယ်။
နောက်ပြီးတော့ ဖိနှိပ်ခံပြည်သူတွေဘက်ကရပ်တည်ဖို့ အမျိုးသားနိုင်ငံရေးလောကထဲ
ဝင်ရောက်ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သိထားကြပါတယ်။
မေး- ဆရာကြီးလိုပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားမှုအပေါ်
ဘယ်လိုမြင်မိပါသလဲဆရာ။ အထူးသဖြင့်
အကျဉ်းထောင်ထဲမှာ စိတ်ပိုင်းရုပ်ပိုင်း
ဆင်းရဲပင်ပန်းကြီးကြီးနဲ့
ကွယ်လွန်ခဲ့ရတဲ့အပေါ် ဘယ်လိုမြင်မိပါသလဲဆရာ။
ဖြေ-
ဆရာကြီးကရခိုင်လူမျိုးတစ်ဦးလည်းဖြစ်တဲ့အတွက် ရခိုင်လူမျိုးတွေရဲ့
ရာဇဝင်သမိုင်းဆိုင်ရာတွေကို အများကြီးရှာဖွေစုဆောင်းပေးခဲ့တဲ့
ကျေးဇူးရှင်ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။ အဲဒီနည်းတူ ဆရာကြီးဟာ
အမျိုးသားရေးတက်ကြွလှုပ်ရှားမှုအပိုင်းမှာ ပြည်သူလူထုအတွက် အဓိကရပ်တည်ရမယ့်အခန်းကဏ္ဍ
နိုင်ငံရေးအခင်းအကျင်းထဲရောက်လာတဲ့အခါလည်း ဆရာကြီးက အသက်(၇၀)
ကျော်ဝန်းကျင်ကာလမှာ ကိုယ့်အသက်အရွယ်ကိုတောင်မထောက်ထားဘဲနဲ့
ပြည်သူအတွက်လိုအပ်နေလို့ဆိုပြီး နိုင်ငံရေးဇာတ်ခုံထက်တက်လိုက်တဲ့အခါမှာ
အစိုးရရဲ့ သတ်မှတ်ထားတဲ့ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီးတော့ စွပ်စွဲချက်နဲ့
ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတယ်။ ဆရာကြီးဟာ အသက်အရွယ်အားဖြင့် မလုပ်သင့်တော့တဲ့အချိန်မှာတောင်
အမျိုးသားရေးအတွက် ဦးဆောင်ဦးရွက်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။
ပြီးတော့ ဆရာကြီးက နှလုံးသွေး အားနည်းတယ်လို့လည်း
ကျွန်တော်တို့ကြားသိထားရတာတွေရှိတယ်။ အထူးသဖြင့် ၉၆ ပါး ရောဂါထဲမှာ လူကြီးရောဂါလည်း
ပါကောင်းပါနိုင်ပါတယ်။ ထောင်ထဲမှာနေရတယ်ဆိုတာက သိတဲ့အတိုင်း
လိုအပ်ချက်ကအများကြီးပါ။ အဲဒီလိုအသက်ရွယ်ကြီးပညာရှင်တစ်ဦးက
ထောင်ထဲမှာ ထိန်းသိမ်းခံလိုက်ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေများပြီးတော့ ထောင်ထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် ခက်ခက်ခဲခဲနဲ့ သေဆုံးသွားခဲ့ရတယ်လို့
ကျွန်တော်တို့မှတ်ထားခဲ့ရပါတယ်။
မေး-
ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်မှုက ရခိုင်ပြည်နဲ့ တမျိုးသားလုံးအတွက် ဘာတွေ ထိခိုက်ဆုံးရှုံးစေခဲ့တယ်လို့ပြောလို့ရပါသလဲခင်ဗျာ။
ဆရာကြီးကွယ်လွန်မှုက ဘယ်လိုကဏ္ဍတွေ အတွက် နှမြောစရာကောင်းလဲ။
ဖြေ-
ဆရာကြီးဦးဦးသာထွန်းကွယ်လွန်ခဲ့တဲ့အတွက် ဆရာကြီးချမှတ်ပေးခဲ့တဲ့
သမိုင်းဆိုင်ရာ
လေ့လာမှုနဲ့
သုတေသနလုပ်ဆောင်တဲ့အခန်းကဏ္ဍတွေ၊ စာပေပိုင်းဆိုင်ရာ လေ့လာဖော်ထုတ်မှုတွေ၊ အမျိုးသားရေး၊
အနုပညာဂီတ ရိုးရာသံစဉ်တွေ စိစစ်ဖော်ထုတ်မှုတွေ၊ ဆရာကြီးပြုစုပေးခဲ့တဲ့
ဗေဒင်နက္ခတ်ကျမ်းဆိုင်ရာတွေ၊ နောက်ပြီးတော့ ရခိုင်ရိုးရာဗိန္ဓောဆေးပညာရပ်တွေ၊
အဲဒါတွေနဲ့ ပတ်သက်လို့
ဆရာကြီးမရှိတဲ့နောက်ပိုင်းမှာ လုံးဝအစားထိုးလို့မရတဲ့ ပညာရှင်ပုဂ္ဂိုလ်ကြီး တစ်ဦးဆုံးရှုံးသွားတယ်လို့
ကျွန်တော်တို့ပြောရုံနဲ့တောင်မလုံလောက်နိုင်ပါဘူး။ ကျွန်တော်တို့ ရခိုင်တမျိုးသားလုံးအတွက်
ရာဇဝင်သမိုင်း ပညာရှင်ပုဂ္ဂိလ်ကြီးတယောက်ဆုံးရှုံးသွားသလို တခြားသော ဆေးဝါး၊
နက္ခတ်ဗေဒင်စတဲ့ပညာရပ်တွေအတွက်ပါ ဆုံးရှုံးခဲ့ရတယ်ဆိုပြီး
အခုအချိန်ထိကျွန်တော်တို့ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရပါတယ်။
မေး- ဆရာကြီးဘဝတစ်လျှောက်လုံးမှာ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေတွေကို သုတေသနပြုပြီး ကျမ်းတွေ၊ စာအုပ်တွေ ရေးသားပြုစုဖော်ထုတ်ခဲ့ပါတယ်။ ဆရာကြီးကွယ်လွန်ပြီး အခုချိန်ထိ ဆရာကြီးရေးသားပြုစုခဲ့တဲ့
ကျမ်းတွေ၊ စာအုပ်တွေက
ဘယ်လိုအကျိုးပြုနေတာရှိပါသလဲ။
ဖြေ-
ဆရာကြီးပြုစုခဲ့တဲ့ စာအုပ်စာပေတွေ၊ ဆရာကြီးလေ့လာဆည်းပူးခဲ့တဲ့သမိုင်း၊ ဆေးပညာရပ်၊
နက္ခတ်ဗေဒင် ပညာရပ်၊ ရိုးရာဂီတအနုပညာရပ်တွေကအစ ဒီနေ့ထိ ဆရာကြီးရဲ့လက်ရာတွေကို
မှီငြမ်းကိုးကားပြီးတော့ ကျွန်တော်တို့လုပ်ဆောင်နေရသေးတဲ့ အခန်းကဏ္ဍမှာရှိနေသေးတယ်ပေါ့နော်။
ဆရာကြီးက အလွန့်အလွန်ကိုအမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်တယ်။
အဲဒီခေတ်အဲဒီအခါကပဲ ဆရာကြီးရဲ့ အတွေးအခေါ်အယူအဆတွေက အရမ်းခေတ်မီခဲ့တယ်။
ဆရာကြီးရဲ့ကြိုးစားအားထုတ်မှုကလည်း ဒီနေ့ထိမက
နောင်အနာဂတ်မျိုးဆက်သစ်တွေထိ လမ်းခင်းပေးနိုင်ခဲ့တယ်လို့ ပြောလို့ရတယ်။
ကျွန်တော်တို့လို လေ့လာဆည်းပူးနေတဲ့လူတွေရော တခြားတခြားစာရေးဆရာတွေ၊
ပညာရှင်တွေလည်း ဆရာကြီးရဲ့ပညာရပ်တွေကို အားကိုးနေရသေးတဲ့
အတိုင်းအတာဖြစ်တဲ့အတွက် ဆရာကြီးဟာ တကယ့်ခေတ်မီတဲ့ ရှေ့မီနောက်မီပုဂ္ဂိုလ်ကြီးတစ်ဦးဆိုတာ
ကျွန်တော်တို့သေချာပြောလို့ရပါတယ်။
မေး-
အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာရော ဆရာကြီးရဲ့ ရပ်တည်ချက်က
ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ- ဆရာကြီးက
ရာဇဝင်တတ်မျိုးရိုးကလာတယ်။ ရာဇဝင်၊ စာပေကျမ်းဂန်ကိုကျေညက်တယ်။ သို့သော်လည်း
ဆရာကြီးကပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် အဲဒီအချိန်က ပြည်သူတွေရဲ့
အခက်အခဲအကျပ်အတည်းတွေကို ပြည်သူ့ကိုယ်စားဦးဆောင်ပြီးတော့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍကို ဝင်ရောက်ခဲ့တယ်။
ဆရာကြီးက သူရပ်တည်လိုက်တဲ့ကဏ္ဍမှာ
အမျိုးသားရေးကို အဓိကမဏ္ဍိုင်ပြုပြီးတော့ ရပ်တည်ခဲ့တဲ့အတွက်
ပြည်သူလူထုကလည်း ဆရာကြီးရဲ့ရပ်တည်မှုကို အားလုံး အုတ်အော်သောင်းနင်း
တခဲနက်အားပေးခဲ့ကြတယ်။ ဆိုတော့ ဆရာကြီးဟာ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာလည်း
ပြည်သူလူထုကို စည်းရုံးသိမ်းသွင်းနိုင်စွမ်းရှိတဲ့
အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးပါပဲ။
မေး- သမိုင်းသုတေသနဆိုင်ရာအချက်အလက် မှတ်တမ်းတွေ၊ စာပေတွေ၊ ယဉ်ကျေးမှုထုံးတမ်းဓလေ့တွေဆိုတာ ဘယ်လူမျိုးအတွက်မဆို
အင်မတန်အရေးကြီးပါတယ်။ အဲဒါတွေကို
ဆရာကြီးစွမ်းစွမ်းတမံဖော်ထုတ်ခဲ့တယ်။ အခုအချိန်ထိရော ဆရာကြီးအပေါ်
ရခိုင်ပြည်သူတွေက ဘယ်လိုသဘောထားမျိုးရှိနေကြသေးပါလဲခင်ဗျာ။
ဖြေ- ဩဂုတ် ၁၄
ရက်ရောက်တိုင်းရောက်တိုင်း ဆရာကြီးကို အမြဲတမ်းဦးညွတ်ဂါရဝပြုကြပါတယ်။
ဆရာကြီးကြိုးပမ်းလှုပ်ရှားခဲ့တဲ့ ကဏ္ဍပေါင်းစုံအတွက် ဆရာကြီးကို
လွမ်းဆွေးတမ်းတကြပါတယ်။ ဆရာကြီးလိုပုဂ္ဂိုလ်မျိုး
နောက်မျိုးဆက်တွေမှာ ပေါ်လာဖို့ဆိုတာကလည်း ခဲယဉ်းတဲ့အတိုင်းအတာတစ်ခုဖြစ်သွားပါပြီ။
အဲဒါကြောင့် ဩဂုတ်လ ၁၄ ရက်ရောက်တိုင်း ကျွန်တော်တို့ရခိုင်ပြည်သူတရပ်လုံးက
ဆရာကြီးကိုအမြဲတမ်းဦးညွတ်ဂါရဝပြုနေကြဦးမယ် ဆိုတာကတော့ အသေအချာပါပဲ။
နိရဥ္စရာသတင်းဌာနကို
အခုလို အင်တာဗျူးဖြေပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ (ပြီး)