- Web Master
- ၁၉ အောက်တိုဘာ ၂၀၂၄
အစ္စရေး နှင့် ပါလက်စတိုင်း ဟားမတ်စ်အုပ်စုတို့အကြား လေးရက်ကြာအပစ်အခတ်ရပ်စဲမှုကို နိုဝင်ဘာ-၂၄ (သောကြာနေ့) မနက်ပိုင်းမှ စတင်မည်ဖြစ်ကြောင်း၊ပထမဦးဆုံးအနေနှင့် အစ္စရေးအမျိုးသမီးနှင့် ကလေး ၁၃ ဦးကို ဟားမတ်စ်အဖွဲ့က ထိုနေ့ ညနေတွင် ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ကာတာ စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားလိုက်သည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများက လေးရက်ကြာ အဆိုပါအပစ်အခတ်ရပ်စဲရေးကို သတိထား၍ ကြိုဆိုလိုက်သည်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာသည့်တိုင်အောင် ဂါဇာစီးတီးတွင် အဓိကပစ်မှတ်ဖြစ်သော ဆေးရုံကြီးအပါအဝင် အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။
နှစ်ဖက်စလုံးကလည်း ယခုအပစ်အခတ်ရပ်စဲမှုမှာ ယာယီသာဖြစ်သည်ဟု ပြောကြားထားသည်။
သောကြာနေ့ မနက် (၇)နာရီမှ စတင်၍ ဂါဇာ တောင်ပိုင်းရော မြောက်ကိုင်းတွင်ပါ နှစ်ဖက်တပ်များ အပစ်အခတ် ရပ်ဆိုင်းထားမည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
အပစ်အခတ်ရပ်စဲသည်နှင့် ဂါဇာဒေသသို့ ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ စတင်ပို့ဆောင်မည်ဖြစ်သလို လေးရက်အတွင်း ဓါးစာခံ ၄၀ ဦး ပြန်လွှတ်ပေးမည့် သဘောတူညီချက်အရ ပထမအသုတ် အမျိုးသမီး ဓါးစာခံများ ပထမနေ့ ညနေ ၄ နာရီအချိန်တွင် ပြန်လည် လွတ်မြောက်လာမည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာဂျက် အယ်အန်ဆာရီ က ပြောကြားလိုက်သည်။
အလားတူ အစ္စရေးအကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်း အကျဉ်းသားများကိုလည်း သောကြာနေ့တွင် ပြန်လွှတ်ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။
" ဒီအပစ်အခတ်ရပ်စဲရေးကတဆင့် ပိုမိုကျယ်ပြန်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ ရေရှည်အပစ်အခတ်ရပ်စဲရေးပေါ်ပေါက်လာစေမယ့် အခွင့်အလမ်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ပါတယ်" ဟု အန်ဆာရီက ပြောကြားခဲ့သည်။
ဟားမတ်စ်အဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်မှုအားလုံးကို ရပ်ဆိုင်းပေးထားမည်ဟု ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် ကြေညာခဲ့သည်။
သို့သော် အပစ်အခတ်ရပ်စဲထားမှုသည် ယာယီသာဖြစ်မည်ဟု ဟားမတ်စ်လက်နက်ကိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဘူအူဗေဒါက ပြောကြားသည်။
အသက် ၁၈ နှစ် နှင့်အောက် အမျိုးသား၊အမျိုးသမီး ဓါးစာခံ စုစုပေါင်း ငါးဆယ်ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ပြီး တစ်ဦးပြန်လွှတ်ပေးတိုင်း ပါလက်စတိုင်းအကျဉ်းသား သုံးဦး ပြန်လွှတ်ပေးရန် သဘောတူထားသည်ဟု ဟားမတ်စ်အဖွဲ့က ဆိုသည်။
ပါလက်စတိုင်းအကျဉ်းသားများကို အစ္စရေး နှင့် အနောက်ဘက်ကမ်းရှိ အကျဉ်းထောင် သုံးခုပြန်လွှတ်ပေးမည်ဟု အစ္စရေးတာဝန်ရှိသူများပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရုံးကလည်း ပြန်လွှတ်ပေးမည့် ဓါးစာခံများစာရင်းကို ရရှိပြီးနောက် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်ထားသည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုအပစ်အခတ်ရပ်စဲမှုမှာ " မျှော်လင့်ချက်ပြည့်ဝသော အခိုက်အတန့်" ဟု ပြေကြားလိုက်ပြီး ဓါးစာခံအားလုံးပြန်လည်လွတ်မြောက်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။
NN-27
ref:bbcworld