သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးနှင့် (၁၀)ရက်ကြာသည့်တိုင် အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 717

နှင်းနွယ်နီ၊ နိရဥ္စရာ၊ ဇူလိုင် ၃၀/၂၀၂၄

ကျောက်ဖြူမြို့နယ်၊ ပြားကျွိန်ကျေးရွာမှ လူငယ်တစ်ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်က ကျောက်ဖြူ မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်တွင် တည်းခိုနေစဥ် ဖမ်းဆီးခံလိုက်ရပြီး လက်ရှိ အချိန်ထိ အဆက်အသွယ်မရ၍ စိုးရိမ်နေကြောင်း မိသားစုများက ပြောသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ပြားကျွိန်ကျေးရွာမှ ကိုစိုးလင်းအောင်() လင်းလင်း (၃၃) နှစ် ဖြစ်သည်။

သူသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် နံနက် အရုဏ်တက် နာရီအချိန်ခန့်က ကျောက်ဖြူမြို့ပေါ်၊ တိုးချဲ့ရပ်ကွက်ရှိ ဆွေမျိုးနေအိမ်တွင် တည်းခိုနေစဥ် စစ်ကောင်စီတပ်သားများ၏လာရောက် ဖမ်းဆီးခြင်းကို ခံလိုက်ရခြင်းဖြစ်သည်ဟု သူ့၏ ညီမဖြစ်သူက နိရဥ္စရာကိုပြောသည်။

မြို့နယ်မှူးလမ်းက ဆွေမျိုးအိမ်မှာ အိပ်နေချိန် အဖမ်းခံလိုက်ရတာပါ။ သူက ရန်ကုန်ကို သွားမယ်ဆိုပြီး မြို့ပေါ်တက်သွားတာပါ။ ရက်လောက်ရှိပါပြီ အဲဒီအိမ်မှာ တည်းနေတာ။ ဖမ်းတုန်းက အဲဒီရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေလည်းပါတယ်။ အခုထိ အဆက်အသွယ်မရတော့ စိုးရိမ်နေရပါတယ် ဟုပြောသည်။

ကိုစိုးလင်းအောင်ကို ဖမ်းဆီးသည့်အချိန်က ကျောက်ဖြူမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ကြားမိသော်လည်း နောက်ပိုင်းတွင်‌ ကျောက်ဖြူ ခလရ(၃၄) တပ်ရင်းသို့ ဖမ်းဆီးခေါ်သွားသည်ဟု ကြားမိသည်ဟု သူမက ဆက်ပြောသည်။

နယ်ကနေ မြို့ပေါ်ကို သွားလာလို့မရပါ။ လမ်းတွေပိတ်ထားပါတယ်။ ဒါကြောင့် သူ့ကို သွားတွေ့လို့လည်း မရပါဘူး။ ညှဥ်းပန်းနှိပ်စက်ခံနေရလား၊ မခံရဘူးလားဆိုတာလည်း သွားလို့မရတော့ ဘာမှမသိရဘူး ဖြစ်နေပါတယ်။ သတင်းကြားမိရုံလောက်လေးပဲ ကြားနေရတာပါ ဟုပြောသည်။

သူသည် ယခင်က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုလည်း မလေးရှားကိုသွားရန်အတွက် ကျောက်ဖြူမြို့ပေါ်ကိုသွားသည့်အချိန်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ကို လေယာဥ်နဲ့သွားမယ်ဆိုပြီးတော့ လေယာဥ်လက်မှတ်မရသေးလို့ မြို့ပေါ်မှာ စောင့်နေရင်း အဖမ်းခံလိုက်ရတာပါ။ သူက မလေးရှားကိုသွားမယ်ဆိုပြီး အိမ်ကထွက်သွားတာပါ။ အရင်ကတည်းက မလေးရှားမှာ အလုပ်လုပ်နေတာပါ။ မလေးရှားမှာ အော်ပရာစီဖမ်းမိပြီးတော့ ဒီကိုရောက်လာပါ။ အခုပြန်တက်ဖို့အတွက် သွားတာပါဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

ကျောက်ဖြူတွင် မြို့ပေါ်နှင့် နယ်ကျေးရွာများကို စစ်ကောင်စီက အသွားအလာ ကန့်သတ်ထားသည့် အတွက် ကိုစိုးလင်းအောင်ကို နယ်ကျေးရွာမှ မြို့ပေါ်သို့ လာရောက်၍ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက ထင်ကြေးပေးနေကြသည်။

ရခိုင်တွင် စစ်ကောင်စီသည် တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ အရပ်သားပြည်သူများကို ဧည့်စာရင်းအကြောင်းပြဖမ်းဆီးခြင်း၊ မတရားအသင်း ဆက်သွယ်မှုများဖြင့် ဖမ်းဆီးခြင်းများအပြင် အကြောင်းမဲ့ဖမ်းဆီးခြင်းများလည်းရှိနေသည်။

 




ဆက်စပ် သတင်းများ