သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ပွဲစားများမှတစ်ဆင့် နိုင်ငံခြားထွက်သူများပြားလာ၊ လူတစ်ဦးလျှင် ကျပ်သိန်း ၂၀ မှ ၃၀ နီးပါးထိ ပေးရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.7k

နိရဉ္စရာ၊ မေ၁၁/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါးနေ၍ ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများမှတစ်ဆင့် သွားလာသူ များပြားလာနေပြီး တစ်ဦးကို ပွဲစားခ ကျပ်သိန်း ၂၀ မှ ၃၀ နီးပါးထိ ပေးနေရသည်ဟု သိရှိရသည်။
ယခုနှစ် မေလအတွင်း မြောက်ဦးမြို့နယ်၊ မုချာကျေးရွာမှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ အလုပ် လုပ်ကိုင်ရန်သွားခဲ့သူ ၁၈ဦးရှိသည်။ ၎င်းတို့ထဲမှ ၁၂ဦးမှာ ယောင်္ကျားများဖြစ်ပြီး ၆ဦးမှာ မိန်းကလေးများ ဖြစ်ကြသည်။
"ရွာမှာက ဘာအလုပ်အကိုင်မှမရှိဘူး။ မိုးရာသီတစ်ခုပဲလုပ်ရတယ်။ လယ်ရှိလူတွေက လယ်ထွန်၊ လယ်မရှိသူတွေက အငှားလုပ်ပေါ့။ ကျန်တဲ့ရာသီတွေမှာဆိုရင် ဘာအလုပ်အကိုင်မှ မရှိလို့ ထိုင်စားနေရတာပေါ့။ အလုပ်မလုပ်ရပဲ ရှိတာကိုစားနေတော့ ကုန်ရင်ငတ်သေမှာဘဲ။ ဒီတော့ မရှိမဲ့ရှိမဲ့စုဆောင်းထားတာတွေကို ရောင်းချပြီးတော့ နိုင်ငံခြားကိုသွားရတာ"ဟု မုချာကျေးရွာမှ ဦးကျော်အောင်ကပြော သည်။
ရခိုင်ပြည်နယ်မှ ပြည်ပသို့ ထွက်ခွာ အလုပ် လုပ်သူများ အနေဖြင့် မလေးရှားနိုင်ငံသို့ လူတစ်ဦးလျှင် ၂၈ သိန်း ၊ ထိုင်းနိုင်ငံသို့ဆိုလျှင် ၁၈ သိန်း ကျပ် ပေးကာ သွားနေရသည်ဟု ဒေသခံများထံမှသိရသည်။
ယခုလိုပိုက်ဆံများစွာအကုန်ကျခံပြီးသွားရခြင်းမှာ နိုင်ငံခြားသို့ မြန်မြန်ဆန်ဆန် ရောက်ကာ အလုပ် လုပ်ကိုင်ရသည့်အတွက် သွားရခြင်းဖြစ် သည်ဟု ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုဆန်းကျော်ကပြောသည်။
" Passport နိုင်ငံကူး လုပ်မယ်ဆိုရင် စစ်တွသွားရတယ်။ တစ်ခါသွားလို့လည်း မရ၊ နှစ်ခါသွားလို့လည်း မရ။ ပြီးတော့ အဆင့်ဆင့်လုပ်နေရသေးတယ်။ အဲဒါကြောင့် ပွဲစားနဲ့ပဲသွားတာပါ။ တစ်ချို့ ပိုက်ဆံ မတတ်နိုင်တဲ့သူတွေဆို ပွဲစားတွေက သူတို့ပိုက်ဆံနဲ့တင်ပေးတယ်။ အလုပ်လုပ်ပြီးတော့ ပြန်ဆပ် ရတာပေါ့။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေဆိုရင်တော့ နိုင်ငံခြားကိုမကူးခင် နယ်စပ်မှာ ပိုက်ဆံ အပြီးပေးရတယ်။ ဒီလိုပဲစွန့်စားလို့ သွားနေရတယ်"ဟု ၎င်းက ဆိုသည်။
ယခုလို Passport မလုပ်ဘဲသွားသူများမှာ တစ်ရက်တွင် လူပေါင်း ၁၀၀ ကျော်ခန့်ရှိနေသည်ဟု အမည်မဖော်လိုသည့် ပွဲစားအမျိုးသားတစ်ဦးက ပြောသည်။
"တစ်ရက်တစ်ရက်မှာ ရေတွက်လို့တောင်မရဘူး။ ဟိုပွဲစားနဲ့သွား ဒီပွဲစားနဲ့ သွားနေကြတာ။ ပိုက်ဆံအများပေးရတာကတော့ ကျွန်တော်တို့မှာလည်း ပေးရ ကမ်းရတာတွေရှိလို့ သူတို့ဆီက တောင်းရတာပေါ့"ဟု ဆိုသည်။
ဒေသခံများ၏ ပြောပြချက်အရ ပွဲစားများနှင့် သွားသူများမှာ တစ်တခါတရံ နယ်စပ်၌ဖမ်းမိကာ ထောင်ဒဏ်ကျသွားသူများလည်းရှိသည်ဟုဆို သည်။သို့သော်လည်း အများစုမှာအတားအဆီး မရှိဝင်ရောက်နိုင်ခဲ့ကာ အလုပ်အကိုင် ရရှိပြီး အ ဆင်ပြေသူများကြသည်ဟု ဆိုသည်။
အလားတူ စစ်တွေမြို့ရှိ မြန်နိုင်ငံကူးလက်မှတ်ထုတ် ပေးရေး အဖွဲ့ခွဲရုံး (စစ်တွေ)တွင်လည်း Passportလာလုပ်နေသူ ထိုင်းနိုင်ငံသို့ ၇၀ရာခိုင် နှုန်း၊ မလေးရှားနိုင်ငံသို့ ၂၃ရာခိုင်နှုန်း၊ စင်ကာပူ၊ ဂျပန်နှင့် ကိုးရီးယားသို့ ၇ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ (NN 11)
(ဓာတ်ပုံ- များမကြာမီက ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဖမ်းဆီးထားပုံ/ Facebook)

ဆက်စပ် သတင်းများ