သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ပေါက်တောတွင် ကျင်းပသည့် ရွာပေါင်း ၁၃ ရွာမှ မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများ၏ဘောလုံးပြိုင်ပွဲ နားထိုင်းပြင်ကျေးရွာ ဗိုလ်စွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

ပိုးဝါ
နိရဥ္စရာ၊ ဇန်နဝါရီ ၃၁/၂၀၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ဘောလုံးအားကစားစွမ်းရည်မြှင့်တင်နိုင်ရန်ကျင်းပခဲ့သည့် ရွာပေါင်း ၁၃ ရွာမှ မူလတန်းအဆင့်ကျောင်းသူ၊ ကျောင်းသားများ၏ ဘောလုံးပြိုင်ပွဲတွင် နားထိုင်းပြင်ကျေးရွာဘောလုံးအသင်းက ပထမဆုကို အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာစာသင်ကျောင်းကွင်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃ဝ ရက်နေ့အထိ ကျင်းပခဲ့ရာ ယခုကဲ့သို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ပွဲဖြစ်မြောက်ရေးဦးဆောင်ကျင်းပသူ ဂြင်းချောင်းကျေးရွာမှ ကျောင်းဆရာ ဦးသိန်းထွန်းအေးက "အခုခေတ်မှာ ကျောင်းသားအားကစားပွဲတွေလည်း မချဖြစ်တော့ ဒီအားကစားတွေလည်း မတိမ်ကောအောင်၊ အများအားဖြင့် နယ်ဘက်က ကလေးတွေဟာ အားကစားနဲ့ပတ်သက်ပြီး အလှမ်းဝေးတဲ့အတွက် ဖော်ထုတ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပရတာပါ"ဟု နိရ ဉ္စရာကို ပြောသည်။
အဆိုပါပွဲတွင် ဒုတိယဆုကို ချိုင်ပြင်ကျေးရွာမှ ရရှိသွားကြောင်း သိရသည်။
ပထမဆုအဖြစ် ကျပ် ၁ သိန်းနှင့် ဒုတိယဆုကို ကျပ် ၅ သောင်းချီးမြှင့်ပေးခဲ့သည်ဟုလည်း ဦးသိန်းထွန်းအေးက ပြောသည်။
"ဒီလိုမျိုး မြေငူကျွန်းတစ်ကျွန်းလုံးက ရွာတိုင်းရွာတိုင်းကကျင်းပလာရင် မူလတန်းကလေးတွေဟာ တဖြည်းဖြည်း အားကစားနဲ့ပတ်သက်ပြီး တိုးတက်မှုရှိလာမယ်။ သူတို့ အလယ်တန်း၊ အထက်တန်းရောက်လာချိန်မှာ အားကစားသမားကောင်းတွေဖြစ်လာစေချင်ပါတယ်"ဟု ပြောသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် ပေါက်တောမြို့နယ် မြေငူကျွန်းရှိ နားထိုင်းပြင်၊ ဂြင်းချောင်း၊ ယာတိုက်၊ ချိုင်ပြင်၊ သစ်ခေါင်းတောနှင့် ဝါးလမ်းစသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၁၃ ရွာမှ မူလတန်းကျောင်းသူ၊ ကျောင်းသားများပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ