တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဂျပန်ကန်ဒိုအားကစားသင်တန်းကို ရခိုင်တွင် ပထမဆုံး အခမဲ့ဖွင့်လှစ်သင်ကြားနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရ ဉ္စရာ၊ ဇွန် ၈ / ၂ဝ၂၂
မြန်မာနိုင်ငံတွင် ရန်ကုန်တစ်ခုတည်းတွင်သာရှိသေးသည့် ဂျပန်အဆင့်မြင့်အားကစားနည်းတစ်ခုဖြစ်သော ကန်ဒိုအားကစားသင်တန်းကို ရခိုင်ပြည်နယ်တွင် ပထမဆုံး အခမဲ့ဖွင့်လှစ်သင်ကြားပေးနေသည်ဟု သိရသည်။
ယင်းသင်တန်းကို Rakhine Kendo Club အမည်ဖြင့် ရခိုင်တွင် ပြီးခဲ့သည့် မတ်လ ၃ဝ ရက်က စစ်တွေမြို့ရှိ စံပြရွာရပ်ကွက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေရှိ ဝေသာလီဘောလုံးအားကစားကွင်း ခန်းမငယ်နှင့် စစ်တွေပွိုင့်ကမ်းခြေတို့တွင် သင်ကြားပေးနေသည်ဟု သင်တန်းဆရာ ကိုအောင်အောင်က နိရ ဉ္စရာကို ပြောသည်။
“အဓိကက မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ်နဲ့ဖြစ်လာအောင်၊ ပြီးတော့ ကျနော်တို့ရခိုင်ပြည်နယ်မှာလည်း ကိုယ့်ရခိုင်လူမျိုးတွေ ဒီပညာကို တတ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ဆို နောင်တစ်ချိန်မှာ ဂျပန်တွေလည်း မပြောနိုင်ဘူး။ အားလုံး လူမျိုးပေါင်းစုံရောက်လာမယ်။ ရောက်တဲ့အခါ ကျနော်တို့ပြည်နယ်မှာရှိတယ်ဆိုရင် ကျနော်တို့နိုင်ငံအတွက်လည်း ဂုဏ်သိက္ခာရှိတယ်”ဟု ပြောသည်။
အဆိုပါသင်တန်းသည် မြန်မာနိုင်ငံတွင် ရန်ကုန်တစ်ခုတည်းတွင်သာ အနည်းငယ်ပြသလျက်ရှိပြီး အခြားတိုင်းနှင့်ပြည်နယ်များတွင် လုံးဝမရှိသေးဟု ကိုအောင်အောင်က ဆိုသည်။
သူသည် ယခုပညာရပ်ကို ၂ဝ၁၆ ခုနှစ်မှစတင်ကာ ပြည်ပနိုင်ငံများသို့သွားရောက်လေ့လာသင်ယူခဲ့ပြီး ယခုအခါ ရခိုင်ပြည်နယ်တွင် စတင်မျိုးစေ့ချသင်ကြားပေးနေပြီဖြစ်သည်။
ယခုပြသနေသည့် ကန်ဒိုပညာရပ်တွင် ဝါးဖြင့်ကစားခြင်း၊ သံတုတ်ဖြင့်ကစားခြင်းနှင့် ဓားဖြင့်ကစားခြင်းဟူ၍ (၃)မျိုးရှိပြီး ယခုသင်တန်းမှာ အခြေခံဖြစ်သည့် ဝါးဖြင့်ကစားခြင်းကို အဓိကထား သင်ကြားပေးနေခြင်းဖြစ်သည်။
အခြေခံတစ်ခုတည်းက ၆ လခန့်သင်ကြားပြီးမှ သံတုတ်နှင့် ဓားတို့ဖြင့်ကစားခြင်းတို့ကို တက်ရောက်ရမည်ဟု ဆိုသည်။
သင်တန်းတက်ရာတွင် ဝတ်စုံအပြည့်ဖြင့် လက်တွေ့သင်ကြားရသည့်အတွက် သင်တန်းများတွင်လိုအပ်သည့် ဝတ်စုံများနှင့် ကိရိယာများ၏စရိတ်စခများ မြင့်တက်လာမှုကြောင့် အခက်အခဲများဖြစ်နေရသည်ဟုလည်း ကိုအောင်အောင်က ပြောသည်။
သင်တန်းသားတစ်ဦးအတွက် အသစ်စက်စက် အဝတ်အစား အမယ်စုံဆိုလျှင် ကျပ် ၃၆ သိန်းအထိ စျေးပေါက်ပြီး ကစားရာတွင်အသုံးပြုရသည့် ဝါးတုတ်တစ်ချောင်းကိုဆိုလျှင် တရုတ်နိုင်ငံထုတ်ဆိုပါက ကျပ် ၅ သောင်းနှင့် ဂျပန်ထုတ်ဆိုပါက ကျပ် ၁ သိန်းအထိစျေးရှိကြောင်း သိရသည်။
ယခုလက်ရှိ သင်တန်းသားများအတွက် ဝတ်စုံများနှင့် လိုအပ်သည့်ဝါးတုတ်များကို ကိုအောင်အောင်တစ်ဦးတည်းက ကျခံပေးထားခြင်းဖြစ်ပြီး သင်တန်းသားအသစ်များလာရောက်သင်ကြားမည်ဆိုပါက ဝတ်စုံနှင့် ဝါးတုတ်များမှာ လုံလောက်မှုမရှိတော့ဟု ပြောသည်။
“ကျနော် အနှစ်နှစ်အလလ၊ မစားမသောက်စုထားတဲ့ပိုက်ဆံတွေနဲ့ဝယ်ပြီး သူတို့ကို ဝတ်စုံတွေ ပေးထားတာဖြစ်ပါတယ်။ ဒီပညာကို အရမ်း ထူးထူးချွန်ချွန်လေးလေးစားစားဖြစ်တဲ့အတွက် ကျနော့်လူမျိုးတွေအတွက်၊ ကျနော့်နိုင်ငံအတွက်၊ ရခိုင်လူမျိုး၊ ဖြစ်လာမဲ့နိုင်ငံအတွက် ရည်စူးပြီးတော့ ကျနော် ကြိုးစားနေတာပါ”ဟု ပြောသည်။
သင်တန်းသားအသစ်များအတွက် ဝတ်စုံများနှင့် လိုအပ်သည့်ကိရိယာများအဆင်ပြေစေရန် ဂျပန်သံရုံးတို့နှင့်ဆက်သွယ်ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။
သင်တန်းစဖွင့်ခဲ့သည့် ပထမအပတ်စဉ်တွင် သင်တန်းသား ၄၇ ဦးရှိခဲ့ပြီး ယခု ဒုတိယအပတ်စဉ်တွင် ၁ဝ ဦးရှိသည်ဟု သိရသည်။
ယခု ဒုတိယအပတ်စဉ်တွင် ကျောင်းဖွင့်ချိန်ကာဖြစ်သည့်အတွက် သင်တန်းလာတက်သည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းစာကိုသာဦးစားပေးသင်ကြားခိုင်းထားပြီး ကျောင်းမနေသူများကို လက်ရှိသင်ကြားနေသည်ဟု ဆိုသည်။
ယခုသင်တန်းကို အသက် ၆ နှစ်အရွယ်မှစတင်ကာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်သင်ကြားနိုင်သည်ဟုလည်း ကိုအောင်အောင်က ပြောသည်။
ယခုကန်ဒိုအားကစားနည်းကိုတတ်ထားခြင်းအားဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေခြင်း၊ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ခြင်း၊ မြန်မာနိုင်ငံတွင် ရှားပါးနေသေးသည့်အားကစားနည်း တတ်မြောက်ထားနိုင်ခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်သည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ