တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မင်းပြားမြို့ပေါ်ရပ်ကွက်များအားလုံး ရေနစ်မြုပ်နေပြီ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေဆက်လက်မြင့်တက်လာနေ၍ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ် ရပ်ကွက်များအားလုံးတွင် ယနေ့ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းကပင် ရေနစ်မြုပ်နေပြီဟု မြို့ခံများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်မှ လူငယ်အမျိုးသားတစ်ဦးက "အခု မင်းပြားမြို့ပေါ်မှာ တစ်မြို့လုံး ရေမြုပ်နေပါပြီ။ ကျွန်တော့်အိမ်ရှေ့ဆိုရင် ရေက ခါးလောက်ရောက်နေပြီ။ လမ်းပေါ်မှာတော့ ဒူးလောက်နီးပါးရောက်နေပြီ"ဟု ပြောသည်။

လက်ရှိတွင် မင်းပြားမြို့ စျေးဟောင်းပိုင်း၊ အလယ်ပိုင်းနှင့် အောက်ရွာပိုင်းရှိ ရပ်ကွက်များအားလုံး ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက်၊ ည ၉ နာရီခန့်ကပင် မင်းပြားမြို့ပေါ်မှ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေစတင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

"မနေ့ညကပဲ ရေက ကျွန်တော်တို့ အနိမ့်ပိုင်းရပ်ကွက်တွေကို ဝင်နေတာပါ။ အခုမနက်ပိုင်းမှာတော့ တစ်မြို့လုံးရေကြီးနေပြီ" ဟု ပြောသည်။

လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများကိုမူ မတွေ့မိသေးကြောင်း သူက ဆက်ပြောသည်။

မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ လူငယ်တစ်ဦးကလည်း "ကျွန်တော်တို့တစ်ရပ်ကွက်လုံးလည်း ရေမြုပ်နေတယ်။ ရေက တစ်ပေခွဲလောက်ရှိနေပါတယ်အခု။ ပြည်တော်အေးရပ်ကွက်တို့၊ ပြည်တော်လှတို့၊ တိုးချဲ့ရပ်ကွက်တွေ၊ မင်းဘာကြီးရပ်ကွက်တွေ အကုန်မြုပ်နေတာပါ" ဟု နိရဥ္စရာသို့ပြောသည်။

မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်နှင့် ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်တို့တွင် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာနိုင်၍ မြစ်ကမ်းအနီးနေထိုင်သူများ အထူးသတိထားကြရန်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းလျက်ရှိသည်။

ရခိုင်တွင် သြဂုတ်လ ၁ ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသန်းနေ၍ မြစ်ရေများမြင့်တက်လာနေပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် ကျေးရွာအမြောက်အများ ရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ရေလွှမ်းမိုးမှုဖြစ်ပေါ်နေ၍ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် နောက် ၃ ရက်အထိ မိုးအလွန်သည်းထန်ဦးမည်ဟု မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် သတိပေးပြောဆိုထားသည်။ 

ဓာတ်ပုံံ- မင်းပြားမြို့ မီးသတ်ရုံးရှေ့ရေနစ်မြုပ်နေသည့်မြင်ကွင်း / (Photo - Htet Naing)

ဆက်စပ် သတင်းများ