- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၄
ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်၊
ဘူးသီးတောင်မြို့၊ အနောက်ဘက်က
ယနေ့နံနက်က လက်နက်ကြီးပစ်သံ
သုံးချက်ကို မြို့ပေါ်ကနေ ကြားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
၎င်းလက်နက်ကြီး ပစ်၍ ပေါက်ကွဲသံကို ယနေ့ နံနက် ၉ နာရီခွဲက ဘူးသီးတောင်မြို့ အနောက်ဘက်ရှိ ဗျူဟာဘက်မှ ၃ ချက်တိတိ ကြားခဲ့ရသည်ဟု ဘူးသီးတောင်မြို့ဒေသခံတစ်ဦးက ပြောသည်။
“ပစ်သံ ၃ ချက် ဆက်တိုက်ကြားလိုက်ရပါတယ်။ ဒေသခံတွေကတော့ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဘယ်နေရာကို ပစ်တာလဲဆိုတာတော့ မသိဘူး။ အခုပစ်သံကြားတဲ့ နေရာက စစ်တပ်က တပ်ရင်းတွေအများကြီးရှိတဲ့ဘက်က ကြားရတာပါ” ဟုပြောသည်။
ဘူးသီးတောင်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းအောင်သိန်းက မေယု တောင်တန်းအနီး
စစ်တပ်ဗျူဟာ၊ တပ်ရင်းများဘက်မှ ပေါက်သံ ၃ ချက်ကြားခဲ့ရသော်လည်း တိုက်ပွဲဖြစ်ပွားမှု မဟုတ်နိုင်ကြောင်း ပြောသည်။
“ ဒေသခံတွေကတော့
ပေါက်ကွဲသံတွေကြားရင်စိုးရိမ်ကြတာပေါ့။ အခြေအနေက စစ်လက်နက် အကြွင်းအကျန်တွေကို
ရှင်းပစ်တာလားတော့မသိဘူး။ တကယ်လို့ တိုက်ပွဲဖြစ်ရင်တော့ လက်နက်ငယ် အသံတွေလည်း ကြားရမယ်လေ။ ဆက်တိုက်ဆက်တိုက်ပေါ့။
အခုက ကြွင်းကျန်လက်နက်တွေကို ဖျက်ဆီးလိုက်တာဖြစ်နိုင်တယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်
ပတ်သက်၍ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ပေါက်ကွဲသံများကို
လုံးဝမကြားလိုက်ရကြောင်း ပြောဆိုသည်။
“ ဘူးသီးတောင်မှာပေါက်ကွဲသံမကြားရပါဘူး။ ကျွန်တော်တို့မြို့ထဲမှာတော့
မကြားရဘူး။ သာမန်
လေ့ကျင့်ရေးတွေဘာတွေပေါ့။ အဲဒါပဲရှိမှာပါ။
ကျွန်တော်တို့ကတော့ မစိုးရိမ်ဘူးဗျ။ ကျွန်တော်လည်း ဒေသခံပဲဗျ။
အဟောင်းတွေဘာတွေ ပေါက်တာရှိမှာပေါ့” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင်
ရက္ခိုင့်တပ်တော်(AA) နှင့်
မြန်မာတပ်မတော်တို့အကြားတိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁ နှစ်ကျော်ရှိသွားပြီဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းနေသည့် အချိန်တွင် လက်နက်ကြီးများ စမ်းသပ် ပစ်ခတ်မည်ဆိုပါက လူထုအထိတ်တလန့်
မဖြစ်အောင် ကြိုတင်သတိပေးမှု ပြုလုပ်သင့်သည်ဟု ဒေသခံများက ပြောဆိုသည်။