တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီ တောင်ကုတ်တွင် လုံခြုံရေးတင်းကျပ်ပြီး မြို့အဝင်အထွက်ဂိတ်များကို ပိတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

(ဒေသခံပြည်သူများစားနပ်ရိက္ခာ၊ ဆေးဝါးများရရှိရန်ခက်ခဲလာ)

သဥ္ဇာနွယ်၊ နိရဥ္စရာ၊ ဇူလိုင် ၂၁/ ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်  စစ်ကောင်စီမှ မြို့အဝင် အထွက်ပြုလုပ်နေသည့် ဂိတ်များနှင့် ကုန်းလမ်း ရေလမ်းများကိုပါ ထပ်မံ တင်းကျပ် ပိတ်ဆို့ထားလိုက်သဖြင့် မြို့ခံများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။

တောင်ကုတ် ဒေသခံ တစ်ဦးက “စစ်ရေးအခြေအနေကတော့ အေးဆေးပါပဲ။ ဒါပေမယ့် အခုလက်ရှိ မြို့က လူတွေကို မြို့ကနေပြီး တခြား နေရာတွေကို သွားလို့မရတော့ဘူး။ သံတွဲဖက်ကိုသွားတဲ့လမ်း။  ရွာမ-လမူး-မအီသွားတဲ့လမ်းနဲ့ ရိုးလမ်းတွေကို ပိတ်လိုက်ပြီး။ လုံးဝသွားလို့မရတော့ဘူး။ တောင်ကုတ် တမြို့လုံး ပတ်ပတ်လည်က ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားတာပါ။ တောင်ကုတ်ကလွဲပြီး တခြားနေရာတွေကို သွားလို့မရ။ ရေလမ်းက စက်လှေနဲ့ သွားတဲ့ သူတွေတောင် သွားခွင့်မပြုလို့  မြို့ထဲကိုပြန်လာရတယ်။ မြို့တွင်းမှာ ပိတ်မိနေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ အရေးပါသည့် မြို့ဝင်ပေါက်များကို ပိတ်ထားသည့်အတွက် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲနှင့်ရင်ဆိုင်နေရသည်ဟု ၄င်းအမျိုးသမီးက ဆက်ပြောသည်။

“ ဘာအခက်အခဲလဲဆိုရင် စားဝတ်နေရေးအပြင် ဆေးဝါးတွေမရှိဘူး။ ဆေးရုံမှာသူနာပြုတွေ ဆရာဝန်တွေက အစမရှိဘူး။ လက်နက်ကြီးပစ်ခတ်ကတည်းကကြောက်လန့်ပြီး ထွက်ပြေးသွားကြပြီ။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဆေးရုံက အရေးပေါ်လူနာတွေကို ပြလို့ မရတော့ဘူး။ ဆေးတွေလည်း ဝယ်မရတဲ့အနေအထားရှိတယ်။  ကျမဆိုရင် ကလေးရှိတော့ ကလေးအတွက် ဆေးထိုးဖို့ ဆေးရုံမှာ OG မရှိဘူး။ အားဆေးသောက်နေရတဲ့ကလေးက အားဆေးမသောက်ရတော့ ကျန်းမာရေးတွေဆိုးလာတယ်။ အဲ့လိုကြုံနေရတယ်” ဟုပြောသည်။

တောင်ကုတ်တွင် လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း နယ်နမိတ်ချင်းထိစပ်နေသည့် မြို့နယ်တောင်ဘက် သံတွဲမြို့နယ်နှင့် မြို့နယ် မြောက်ဘက် အမ်းမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

တောင်ကုတ်မြို့ကိုလည်း အေအေက တိုက်ခိုက်လာသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် စစ်ကောင်စီမှ ယခုဇူလိုင်လမှစတင်၍  မြို့လုံခြံရေးကို ပိုမို တင်းကျပ်လိုက်ပြီး မြို့အဝင်အထွက် လမ်းများကို ပိတ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ပိတ်လိုက်သဖြင့်  မြို့ခံများမှာ ကုန်စည်စီးဆင်းမှု၊ ကျန်းမာရေးနှင့် စားဝတ်နေရေးကျပ်တည်းပြီး မြို့တွင်းပိတ်မိနေကြသည်ဟု တောင်ကုတ်မြို့ခံ ကလေးမိခင်တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

တောင်ကုတ်က စစ်ကောင်စီတပ်ရင်းနှင့် စစ်ဆေးရေးဂိတ်များတွင်လည်း ပြည်မဖက်မှ စစ်မှုထမ်း သင်တန်းဆင်း  ပြည်သူ့စစ်များဖြင့် အင်အား ဖြည့်တင်းထားပြီး အာရက္ခတပ်တော်၏ထိုးစစ်ကို ဟန့်တားရန်အတွက် လုံခြုံရေး အပြည့်အဝယူထားသည်ဟု စစ်ရေး လေ့လာ စောင့်ကြည့်နေသူ တစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ အခုသံတွဲရယ် အမ်းရယ်တိုက်ပွဲတွေပြင်းနေတယ်။ တောင်ကုတ်က ကြားမှာရှိနေတယ်။ နောက်ထပ်တိုက်ပွဲက တောင်ကုတ်ကိုနီးကပ်လာတယ်လို့ပြောလို့ရမယ်ထင်တယ်။ မြို့အဝင်အထွက်ကို လုံးဝတင်းကျပ်ထားတယ်။ လူသွားလူလာတွေကို စစ်ကောင်စီကစောင့်ကြည့်နေတာတွေရှိတယ်။ တိုက်ပွဲ မရှိသေးပေမယ့်  စစ်ရေး တင်းမာနေတဲ့ အနေအထားရှိတယ်” ဟုပြောသည်။

ရခိုင်ပြည်တောင်ပိုင်းမှ အဓိက ဗဟာဗျူဟာအရ အရေးပါသော သံတွဲမြို့ကို အာရက္ခတပ်တော်က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးအရ ခြိမ်းခြောက်ခံလာရသည့် စကခ (၅) အခြေစိုက်ရာ တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်က မြို့လယ်ခေါင်ရှိ အထပ်မြင့် အဆောက်ဦများပေါ်တွင် နေရာယူပြီး မြိုထဲတွင် ကင်းပုန်းဝပ်ခြင်းများကို ပြုလုပ်လာသည်ဟု  ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီ၏ စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ် (စကခ) ၃ ခု တည်ရှိရာ စကခ  ၂ ခုကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထားပြီး တောင်ကုတ် အခြေစိုက် စကခ (၅) ဌာနချုပ် တစ်ခုသာ ကျန်ရှိတော့သည်ဟု သိရသည်။  တောင်ကုတ် စကခ (၅) သည် အာရက္ခတပ်တော်မှ နောက်ထပ် သိမ်းပိုက်မည့် စာရင်းထဲတွင် ထိပ်ဆုံးစာရင်းမှ ပါဝင်နေပြီး လက်ရှိတွင် ဝိုင်းဝန်းပိတ်ဆို့ခံထားရသည့် အနေအထားတွင် ရှိနေသည်။

ဆက်စပ် သတင်းများ