တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

AA ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မောင်တောမြို့မှ တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅) မကျစေရန် စစ်ကောင်စီမှ လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.8k

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇူလိုင် ၈ ရက်/၂၀၂၄

အာရက္ခတပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် တစ်ခုတည်းသော လက်ကျန် မောင်တောမြို့ အခြေစိုက် နခခ(၅) နယ်ခြားစောင့်ဌာနချုပ်စခန်း မကျစေရန် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။ 

ဒေသခံ တစ်ဦးက "အေအေဘက်က နခခ(၅)ကို စစ်မျက် နှာ ၃ ခုဖွင့်ပြီး ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာ။ စစ်တပ်ဘက်က အခြေအနေမလှတော့ လေကြောင်းကနေ အဆက် မပြတ် လာပြီးဗုံးကြဲချနေတာ။ မြေကြီးတွေ တုန်ခါတဲ့အထိ ပေါက်ကွဲသံတွေ ဆူညံနေတာပါဘဲ"ဟု ပြောကြားသည်။

စစ်ကောင်စီသည် ဇူလိုင်လ ၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်၌ ဂျက်တိုက်လေယာဉ်များဖြင့် နခခ(၅) အနီး ဝန်းကျင်အား ဗုံးများကြဲချခဲ့ပြီး ည ၇ နာရီ၌လည်း နောက်ထပ် ဂျက်တိုက်လေယာဉ်များ ထပ်မံ ရောက်ရှိလာပြီး မောင်တောမြို့ပတ်လည်အား ဗုံးများကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

မောင်တောမြို့ နှင့် ၄ မိုင်အကွာတွင် တည်ရှိသည့် နခခ(၂)အား အာရက္ခတပ်တော်က သိမ်းပိုက်အပြီး မောင်တောမြို့နှင့် ၂ မိုင် ကျော် အကွာတွင်တည်ရှိသည့် တစ်ခုတည်းသော လက်ကျန်စခန်း နခခ(၅) နယ်ခြားစောင့် ဌာနချုပ်အား ဇူလိုင်လ ၇ ရက်နေ့မှ စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

နခခ(၅)စခန်းတွင်းမှလည်း လက်နက်ကြီးများကို ဘေးဝဲယာသို့  ၂၄ နာရီလုံး မရပ်မနား  တောက်လျှောက် ပစ်ခတ်နေပြီး ခုခံကာကွယ်လျက်ရှိ‌နေကြောင်းဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက မြေပြင်မှလက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံကာကွယ်နေသည်သာမက လေကြောင်းကပါ အပြင်းအထန် ခုခံကာကွယ်နေသော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်မှာ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း‌ စစ်ရေးလေ့လာနေသူ ဒေသခံတဦးက‌ ပြောဆိုသည်။

"အေအေက မောင်တောခရိုင်တစ်ခုလုံးက စစ်ကောင်စီတပ်တွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီးပြီ။ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပြီး ဘာစခန်းတစ်ခုမှ ပြန်တိုက်ယူနိုင်တာ မရှိတော့ဘူး‌။ စစ်မြေပြင်မှာ စစ်တပ်ရဲ့  စစ်တိုက်နိုင်တဲ့အားက မရှိတော့ဘူး။ မီးဇာကုန် ဆီခမ်းတဲ့ အနေအထား ရောက်သွားခဲ့ပြီ။ အခုဆို ကျန်နေတာက နခခ(၅) တစ်ကွက်စာလေးဘဲ ကျန်‌တော့တာ။ လေကြောင်းက ဘယ်လောက်မဆို ကာကွယ် တိုက်ခိုက် နေပါစေ။ မြေပြင်မှာကျဆုံးမယ့် အခြေအနေက ပေါ်လွင်ပြီးသားဖြစ်နေပြီ"ဟု ပြောဆိုသည်။

မောင်တောမြို့  နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၂) ဌာနချုပ်လေးမိုင်စခန်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခဲ့သည့် အချိန်ကလည်း စစ်ကောင်စီက လေကြောင်းကနေ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ပြီး ခုခံကာကွယ်ခဲ့သလို နတ်မြစ်၀မှ စစ်ရေယာဉ် နေဗီများမှလည်း ဒုံးကျည်များဖြင့် အကြီးအကျယ် ခုခံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

သို့သော်  ဇူလိုင်လ (၆) ရက်နေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်တွင် အာရက္ခတပ်တော်က နခခ (၂) အားသိမ်းပိုက်ခဲ့ပြီး ၎င်းစခန်းအား ရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း (၃၅၀) ကျော်နှင့်  လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု အာရက္ခတပ်တော်က ဇူလိုင် ၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ဒေသအတွင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ အေအေက သိမ်းပိုက်ခဲ့တဲ့ မောင်တောမြို့ လေးမိုင် နခခ (၂) က ဘူးသီးတောင်နဲ့ မောင်တောမြို့ ကားလမ်းပေါ်မှာ တည်ရှိတော့ တော်တော်ကို ဗျူဟာအရ အရေးကြီးတယ်။ နခခ (၂) ရှိနေတော့ မြို့နှစ်ခုအကြား အလွယ်တကူ ဆက်သွယ် သွားလာလို့ အဆင်မပြေခဲ့ဘူးပေါ့။ အခု နခခ (၂) ကျသွားပြီဆိုတော့ နခခ (၅)လည်း အေအေ တိုက်ခိုက်မှုကို တောင့်ခံဖို့ မလွယ်နိုင်တော့ဘူး။ အနှေးနဲ့ အမြန်ဆိုသလို ကျသွားပါလိမ့်မယ်”ဟု သုံးသပ်ပြောဆိုသည်။

မောင်‌တောခရိုင်တွင် တစ်ခုတည်းသာကျန်ရှိ‌နေသည့် တပ်ဖွဲ့ခွဲ နခခ(၅) ဌာနချုပ်အား တပ်မမှူးအဆင့် ရှိသူ နှစ်ဦးက အထိုင်ချပြီး ကြီးကြပ်ကွပ်ကဲနေသည်ဟု သိရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အေအေ၏ ပြင်းထန်သည့် ထိုးစစ်ကို ခုခံကာကွယ်ရန် မလွယ်ကူနိုင်ဟုလည်း ၎င်းက ပြောကြားသည်။

လက်ရှိ မောင်တောမြို့ ပတ်ပတ်လည်လည်ရှိ စစ်ကောင်စီစခန်းများအားလုံးကို အေအေက သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန် နခခ (၅) အား အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက်နေသလို မောင်တောမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် မြို့ဆင်ခြေဖုံးရပ်ကွက်များရှိ စစ်ကောင်စီတပ်နှင့် မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အာရက္ခတပ်တော်၏ ဇူလိုင် ၇ ရက်နေ့ ထုတ်ပြန်ချက်တွင်လည်း မောင်တောဒေသအတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော နခခ (၂) လေးမိုင်စခန်း၊ နခခ (၅) မြို့ သူကြီးစခန်းနှင့် အခြားသောစခန်းများကိုလည်း မိမိတို့မှ မိုးတွင်း ထိုးစစ်အဖြစ် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ   နခခ (၂)၊ နယ်ခြားစောင့်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်တွင် ရန်သူ့အလောင်း (၃၅၀) ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းအများအပြားတို့နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်ဟု ဖော်ပြထားသည်။

နခခ (၂) တွင် စစ်ကောင်စီ၏ စကခ (၁၇) လက်အောက်ခံတပ်ရင်းများ စုပေါင်း ခုခံတိုက်ခိုက်ခဲ့ကြသည်။ (ဓာတ်ပုံ-ပုံဟောင်းသာ)

 

ဆက်စပ် သတင်းများ