သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

သံတွဲရှိ "သူဌေးချောင်း ဆည်" စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေ၍ ဆည်အနီးနေထိုင်သူများ အရေးပေါ်ရွှေ့ပြောင်းကြရန် AA သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 2.3k

မောင်စာဂ၊ နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ "သူဌေးချောင်း ဆည်"သည် စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေ၍ ဆည်အနီးနေထိုင်သူများအနေဖြင့် အရေးပေါ်ရွှေ့ပြောင်းကြရန် အာရက္ခတပ်တော်(AA)က ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

ယခုရက်များအတွင်း ရက္ခိုင်ဒေသအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအတွင်း အဆက်မပြတ် သည်းထန်စွာရွာသွန်းလျက်ရှိသောမိုးများကြောင့် မိုးရေချိန်အမှတ်သည် စိုးရိမ်ရေမှတ်ကို ကျော်လွန်လာခဲ့ပြီဖြစ်သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် "ယနေ့ ဇူလိုင်လ (၂၇)ရက်၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန် တိုင်းတာချက်အရ ရက္ခိုင်ပြည်၊ သံတွဲမြို့၊ "သူဌေးချောင်း ဆည်"သည် လည်း စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေပြီဖြစ်သည်။ ဆက်လက်၍လည်း ယခုထက်ပိုမိုသော မိုးရေချိန်အမှတ်သို့ ရောက်ရှိလာနိုင်ရန် အလားအလာများကို တွေ့နေရသောကြောင့် ၎င်းဆည်နှင့် အနီးပတ်ဝန်းကျင်၊ ဆည်ကျရေစီးဆင်းရာလမ်းကြောင်းရှိ ရွာများအနေဖြင့် နီးစပ်ရာ ကုန်းမြင့်၊ ရေဘေးလွတ်ရာနေရာများသို့ "အမြန်ဆုံး" ချက်ချင်း ရွှေ့ပြောင်းပေးကြပါရန် အရေးပေါ်ထုတ်ပြန်အပ်ပါသည်"ဟု ဖော်ပြထားသည်။



AA အနေဖြင့် လွန်ခဲ့သောရက်များ၏ မိုးရွာသွန်းမှု၊ မိုးရေချိန်အမှတ်များကြောင့် စိုးရိမ်ရေမှတ် ရောက်လာနိုင်သည့်အတွက် ကြိုတင်အသိပေးထားခဲပြီး ယနေ့တွင် စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာနေပြီဖြစ်သောကြောင့် ယခုကဲ့သို့ အရေးပေါ်ချက်ချင်းထုတ်ပြန်ရခြင်းဖြစ်သည်ဟု AA က ဆိုထားသည်။

မိဘပြည်သူများအနေဖြင့်လည်း ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း AA က အလေးအနက် တိုက်တွန်းထားသည်။

လက်ရှိ ရခိုင်တစ်ပြည်လုံးနီးပါးတွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ယင်းအနက် သံတွဲနှင့်တောင်ကုတ်မြို့နယ်တို့တွင် ရေကြီးရေလျှံမှုများပင်ဖြစ်ပေါ်နေ၍ ဒေသခံများတွင် နေထိုင်စားသောက်ရေး အလွန်တရာခက်ခဲနေကြသည်ဟု သိရသည်။

ယင်းအပြင် ရခိုင်ပြည်တောင်ဘက်အစွန်ဆုံးဖြစ်သည့် ဂွမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်သို့ဆက်သွယ်ထားသည့် ရိုးလမ်းပေါ်ရှိ ဒေသအခေါ် ၁၇ မိုင်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ လမ်းပြိုကျနေ၍ ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမရဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

 ဓာတ်ပုံ - AA

 

ဆက်စပ် သတင်းများ