အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် အမ်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ထောင် ၂ နှစ်ချမှတ်ခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် ရက္ခိုင့်တပ်တော် (AA)နှင့်ဆက်စပ်သံသယဖြင့် စစ်ကောင်စီ၏ထောင်ဒဏ်  ၂ နှစ်ချမှတ်ခြင်းကို ခံလိုက်ရသည်ဟု သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာ အမ်းမြို့နယ်၊ လုံးကောက်ကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာမှ အုပ်စုအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်တင်မြင့်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်၊ နေ့လယ်ပိုင်းက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမ်းမြို့နယ်တရားရုံး၏ ထောင်ဒဏ်ချမှတ်ခြင်းကို ခံလိုက်ရသည်ဟု အမ်း‌ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"၁၇(၁)နဲ့ ဖမ်းထားတာ တစ်နှစ်လောက်ရှိပြီ။ အဲ့ဒါကို အမိန့်ချခဲ့တာ"ဟု ပြောသည်။

ဦးအောင်တင်မြင့်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ရွာမှတဆင့် အမ်းမြို့သို့သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးက ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူသည် NLD အစိုးရလက်ထက်တွင် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့သော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူး မလုပ်တော့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း(၅၇)နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅ဝ) နှစ်တို့ကို မြို့နယ်တရားရုံးက AA နှင့်ဆက်စပ်သည်ဟုဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် တစ်ဦးလျှင် ထောင် ၂ နှစ်စီ ချမှတ်ခဲ့သည်။

သူတို့နှစ်ဦးသည်လည်း ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်တွင် AA နှင့်စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲထားချိန် ယခုလို ထောင်ဒဏ်ချမှတ်ခြင်းသည် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်း ငြိမ်းချမ်းမှုကို မလိုလားသောကြောင့်ဖြစ်သည်ဟု ရခိုင်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ULA/AA နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေ၊ နောက်ထပ် ULA/AA နဲ့ပက်သက်ပြီး ဒေသခံတွေကို ဖမ်းဆီးလာမှုတွေ၊ ရခိုင်လူထုကို စစ်ကောင်စီက ခြိမ်းခြောက်နေမှုဟာ သူတို့ကိုယ်တိုင်က ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးကိုမလိုလားဘူးလို့ အရိပ်ယောင်ပြလိုက်သလိုပါပဲ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်ကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၁၇ (၁)ဖြင့်တရားစွဲဆိုခံထားရသူ ကျောက်တော်မြို့နယ်တွင် ၇ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၂ ဦးနှင့် ဘူးသီးတောင်မြို့နယ်တွင် ၂ ဦးရှိကြောင်း သိရသည်။

ရခိုင်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သံသယဖြင့် တရားခံနေရသူစုစုပေါင်း ၁ဝဝ ကျော်အထိ ရှိနေသေးသည်ဟုလည်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့စာရင်းအရ သိရသည်။ 

 

 

ဆက်စပ် သတင်းများ