သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

AAမှ ဖမ်းဆီးထားသည့် ပါတီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးရန် AFP ပါတီ စာထုတ်တောင်းဆို


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးထားသည့်ရခိုင့်ဦးဆောင်ပါတီ(AFP)ပါတီခေါင်းဆောင်နှစ်ဦးဖြစ်ကြသည့်ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောဦးနှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ပါတီကယနေ့စက်တင်ဘာ ၉ ရက်နေ့တွင် စာထုတ်တောင်းဆိုလိုက်သည်။


၎င်းတို့ နှစ်ဦးပအား AA က ဖမ်းဆီးထားသည်မှာ (၁)နှစ် နီးပါးရှိပြီဟု AFP ၏ ယနေ့ စက်တင်ဘာလ ၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


AFP ၏ ထုတ်ပြန်ချက်ထဲတွင် နိုင်ငံတော်အစိုးရနှင့် ULA/AAတို့အကြား နှစ်ဖက် ယုံကြည်မှု တည်ဆောက်ကြခြင်း၊  ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာယိုဟေးဆာဆာကာဝါ (Mr. Yohei Sasakawa) ကြားဝင်ဖြန်ဖြေမှုအား ကြိုဆိုလက်ခံကြခြင်း၊ နှစ်ဖက်အပြန်အလှန် ဆွေးနွေး ညှိနှိုင်း ကြခြင်း၏ ရလဒ်အဖြစ် လူသားချင်းကိုယ်ချင်းစာသည့် အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ရေး အပစ်အခတ် ရပ်စဲကြခြင်း (Humanitarian Ceasefire Agreement) တို့ကြောင့် စစ်ရေးပဋိပက္ခများ လျော့ပါးပြီး ငြိမ်းချမ်းမှု အရသာကို ရခိုင်လူထုသည် ယခင်ကာလထက် ပိုခံစားကြနေကြကြောင်း ဖော်ပြထားသည်။

 

ဆက်လက်ပြီး မိုခါမုန်တိုင်းဒဏ် သင့်သည့် အခါတွင်လည်း ရခိုင်လူထုသို့ လိုအပ်သည့်ကာလတွင် လိုအပ်သည့်နေရာ အရောက် နှစ်ဖက်စလုံးမှ ထိရောက်သည့်အကူအညီများ ပေးအပ်နိုင်ကြခြင်း၊ အပြန်အလှန် တောင်းဆိုမှုများအရ နိုင်ငံတော်၏ အခါကြီးနေ့ရက်များ၊ အထိမ်းအမှတ်နေ့ရက်များတွင် နှစ်ဖက် နိုင်ငံရေးအကျဉ်းသားများ အား လွှတ်ပေးကြခြင်းတို့အား တွေ့မြင်ရရာ ရခိုင့်ဦးဆောင်ပါတီမှ ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါကြောင်း၊ ၎င်းနည်းတူ မလွတ်မြောက်သေးသည့် နိုင်ငံရေး အကျဉ်းသားများ၊ တရားစွဲဆို ဖမ်းဆီး ခေါ်ဆောင်ထားဆဲ ပုဂ္ဂိုလ်များအားလည်း အမြန်ဆုံး လွှတ်ပေးကြပါရန် မိသားစုဝင်များ ကိုယ်စား ရခိုင့်ဦးဆောင်ပါတီမှ နှစ်ဖက်လုံးသို့ တောင်းဆိုအပ်ပါကြောင်း ဖော်ပြသည်။

 

သူတို့နှစ်ဦးသည် နိုင်ငံရေးသမိုင်းဖြစ်စဉ်တွင် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို သစ္စာမဲ့သော လုပ်ရပ်မျိုးမလုပ်ခဲ့ကြသည့်အပြင် မြန်မာ့နိုင်ငံရေးပဋိပက္ခအား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာကြသည့် နိုင်ငံရေးနည်းလမ်းကို သက်ဝင်ယုံကြည်ကြပြီး ကြိုးပမ်း အကောင်အထည် ဖော်နေကြသူများလည်း ဖြစ်သည့်အတွက် ၄င်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးရန် AFP က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

 

ဦးကျော်လွင်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင်လည်းကောင်း၊ ဦးကျော်ဇောဦးကို နိုဝင်ဘာလ ၂ ရက် နေ့တွင်လည်းကောင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရခိုင့်နိုင်ငံရေးလမ်းကြောင်း အားကောင်းမောင်းသန်ဖြစ်စေရေး ရိုးသားကြိုးစားပြီး ရခိုင့်မျိုးချစ် နိုင်ငံရေးသမားများဖြစ်ကြသော ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့နှစ်ဦးအား ၎င်းတို့၏မိသားစုနှင့် အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေး၊ ရခိုင့်ဦးဆောင်ပါတီ ပါတီဝင်ထုနှင့် အမြန်ဆုံး တွေ့ဆုံခွင့်ရရှိရေး၊ ခေါ်ဆောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရေး ULA/AA သို့ ရခိုင့်ဦးဆောင်ပါတီမှ အထူးလေးနက် တောင်းဆိုသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ AFP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏သဘောထားကို သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။


ဦးကျော်ဇောဦးကို AA က ဖမ်းဆီးထားကြောင်း ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် ULA/AA ၏ သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြု ပြောကြားခဲ့သည်။

"ဦးကျော်ဇောဦးကို ဆွေးနွေးမေးမြန်းစရာ ကိစ္စတွေရှိတဲ့အတွက် ကျနော်တို့ခေါ်ယူစကားပြောနေတာ ရှိပါတယ်။ ကျန်းမာမာနဲ့ စိုးရိမ်စရာလည်းမရှိပါဘူး" ဟုဆိုခဲ့သည်။

သို့သော် ဦးကျော်လွင်အား ဖမ်းဆီးထားခြင်းအပေါ် AA က ယနေ့ထိ အတည်ပြုပြောဆိုခြင်း မရှိသေးသော်လည်း ဦးကျော်လွင်၏မိသားစုဝင်များကမူ AA က ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

 

ဖမ်းဆီးခံထားရသည့် ဦးကျော်လွင်လည်း ကျန်းမာရေးမကောင်းသည့်အပြင် မိခင်ဖြစ်သူမှာလည်း အသက်အရွယ်ကြီးပြီဖြစ်ကာ နေမကောင်းသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟု ဦးကျော်လွင်၏ညီဖြစ်သည့် ဦးကျော်နိုင်က တောင်းဆိုသည်။

"မိသားစုအနေနဲ့ မြန်မြန်လွှတ်ပေးစေချင်တယ်။ အစကတည်းကနေလည်း ဘာကြောင့်ဖမ်းတယ်ဆိုတဲ့ ထုတ်ပြန်ချက်လည်းမရှိတော့ အပြစ်ရှိမယ်လို့လည်း မထင်ပါဘူး။ ကျနော်တို့တော့ တောင်းပန်ခံစာတင်ဖို့လုပ်ထားတယ်။ သူနဲ့အတူနေထိုင်တဲ့ အမေကလည်း သိပ်နေမကောင်းဘူး။ အသက်ကလည်း ကြီးလာပြီဆိုတော့ ကျန်ခဲ့တဲ့မိသားစုအနေနဲ့လည်း အဆင်မပြေကြပါဘူး"ဟုဆိုသည်။

ဆက်စပ် သတင်းများ