စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

မအီမြို့တွင် ANPပါတီ ဆိုင်းဘုတ်ကိုဖျက်ဆီးသူမှာ အမျိုးသမီးဖြစ်ပြီး အမှုဖွင့်ထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်အမျိုးသားပါတီ (ANP) အောင်နိုင်ရေး ဆိုင်းဘုတ်အား ဖျက်ဆီးသူမှာ အမျိုးသမီးတစ်ဦးဖြစ်နေပြီး ၎င်းကို ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း တောင်ကုတ်မြို့နယ် (ANP )ပါတီမှ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသန်းဝင်းက  ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က မအီမြို့ရှိ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမ ဘေးတွင် စိုက်ထူထားသည့် ANP ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်အား မအီမြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ဖျက်ဆီးကာ မြေပြင်၌ လှဲထားခဲ့မှုကြောင့် အမှုဖွင့်ရခြင်းဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ မအီက ဒေသခံတွေ ပြောပြချက်အရ သိရတာက အဲဒီ အမျိုးသမီးက NLD ပါတီကို ရူးသွပ်နေသူ တစ်ယောက်လို့ သိရပါတယ်။ NLD ရဲ့ အမာခံပရိတ်သတ်လား၊ ပါတီဝင်လားတော့ မပြောတတ်တော့ဘူး။ အဲဒီအနီးတဝိုက်က လူတွေပြောကြတာက အဲဒီမိန်းမကို သိတယ်လို့ ပြောတယ်။ ဒါပေမယ့် ရဲစခန်းမှာ ကျတော့ ဘယ်သူ လုပ်တယ်ဆိုတာကို သက်သေခံမယ့် လူမရှိသေးဘူးပေါ့။ စိုက်ထူထားတဲ့ သစ်ချောင်း တွေကိုလည်း မြေပေါ်လှဲပြီး ထားခဲ့တယ်ပေါ့။ သူက တိုင်ချင်တဲ့ သူတွေကို သွားတိုင်လို့ ပြောပြီး ဆိုင်းဘုတ် တွေကို ဖျက်ဆီးခဲ့တယ်ဆိုပြီး သိရပါတယ်။ အဲဒါကြောင့် မနေ့က ရဲစခန်းမှာ သွားအမှုဖွင့်လိုက်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ဖျက်ဆီးခဲ့သည့် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်နှင့် ကိုက် ၂ဝဝ ခန့်အကွာတွင် စိုက်ထူထားသည့် ANP ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တစ်ခုကိုလည်း ယင်းအမျိုးသမီးက ထပ်မံ ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိတွင် ယင်းအမျိုးသမီးအား မအီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဦးသန်းဝင်းက ပြောသည်။

“ကျွန်တော်တို့က တောင်ကုတ်မြို့နယ်က ANP ပါတီအနေနဲ့ သူ့ကို အမှုဖွင့်ခဲ့တာ။ ကျွန်တော်တို့က ဖျက်ဆီး ခံရတာကို ဥပဒေကြောင်းအရ အရေးယူပေးဖို့နဲ့ နောက်စိုက်ထူမယ့် ဆိုင်းဘုတ်တွေရဲ့ လုံခြုံရေးအတွက် အဓိက ရည်မှန်းပြီး လုပ်တာ။ ကျွန်တော်တို့ပါတီက ဆိုင်းဘုတ်ပဲဖြစ်ဖြစ်၊ တခြားပါတီက ဆိုင်းဘုတ်ပဲဖြစ်ဖြစ် ဒီမိုကရေစီယဉ်ကျေးမှုအရတော့ ဒီလောက်ရိုင်းစိုင်းတဲ့ အလုပ်တွေကို မဖြစ်စေချင်ဘူး။ ဒါတွေက ကောင်းတဲ့ လက္ခဏာတွေ မဟုတ်ဘူး။ ပါတီကို မထောက်ခံရင်လည်း ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးလို့ ရပါတယ်” ဟု သူက ဆိုသည်။

ANP မှ ဦးသန်းဝင်းက ဆိုင်းဘုတ်ဖျက်ဆီးသူ အမျိုးသမီးမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကို ထောက်ခံသူ အမျိုးသမီးဖြစ်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်ပြီး သိရှိလိုသဖြင့် တောင်ကုတ်မြို့နယ် (NLD ) ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ် ဒေါ်ချစ်ချောနှင့်  ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်တို့အား နိရဥ္စရာမှ ယနေ့နေ့လယ် ၁၂ နာရီခန့်က ဆက်သွယ်ခဲ့ရာ ဖုန်းပိတ်ထားသဖြင့် အဆက်သွယ် မရရှိခဲ့ပါ။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မအီမြို့မရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ တာဝန်ရှိရဲအရာရှိတစ်ဦးက “လောလောဆယ်တော့ အဲဒီကိစ္စကို ကျွန်တော်တို့က စုံစမ်းဆဲပဲ ရှိပါသေးတယ်။ စုံစမ်းဆဲဆိုတာက အဲဒီကိစ္စကို မြင်တဲ့သူတွေ ဘယ်သူကမှ ပြောမယ့် သူမရှိဘူးပေါ့။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဃ) နဲ့ အမှုဖွင့်ထားတာပါ” ဟု ပြောသည်။

ယင်း ဖျက်ဆီးခံလိုက်ရသည့် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အပါအဝင် တောင်ကုတ်မြို့နယ်အတွင်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ် နောက်ထပ် ၂ ခုမှာလည်း ဖျက်ဆီးခံထားရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကလိန်တောင်ကျေးရွာအတွင်း စိုက်ထူထားသည့် ANP ပါတီအောင်နိုင်ရေးဆိုင်းဘုတ်အပါအဝင် ယနေ့ အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းကလည်း ကြိုးကြာကွင်းကျေးရွာအတွင်း စိုက်ထူထားသည့် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်အား အမည်မသိသူ အချို့က ဖျက်ဆီးခဲ့ကြောင်း ဦးသန်းဝင်းက ပြောသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ် အချို့လည်း တောင်ကုတ်မြို့နယ်တွင် ဖျက်ဆီးခံထားရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခံရမှု မကြာခဏ ဖြစ်ပွားလျှက်ရှိသော်လည်း အရေးယူခံရမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ