စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရခိုင်မှ မြို့နယ်တချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြေနည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁ဝ/၂ဝ၂ဝ

ယနေ့နံနက်က နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သတင်းထောက်များ အားပြောကြားချက်အရ ရခိုင်မှ မြို့နယ်တချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်းနေသည်ကို တွေ့ရှိရသည်။  

ဦးဇော်ဌေးက “အောက်တိုဘာကျရင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များဆိုပြီး ကြေညာတယ်။ အခုလည်း ကြေညာမှာဖြစ်တယ်။ဥပမာ- ရခိုင်ပြည်နယ်မှာဆိုရင် မြို့နယ်တစ်မြို့နယ်လုံး မလုပ်နိုင်တဲ့ နေရာတွေ ရှိတယ်။ နောက်မြို့ပေါ်ပဲ လုပ်လို့ရတယ်။ နောက်အဲဒီမြို့နယ်မှာပါတဲ့ ကျေးရွာအုပ်စုတွေ မလုပ်နိုင်တဲ့ နေရာတွေရှိတယ်။ နောက်ကျေးရွာအုပ်စုတွေရော မြို့မှာရောတစ်မြို့နယ်လုံး လုပ်လို့ရတဲ့ နေရာတွေရှိတယ်” ဟု သတင်းထောပြောသည်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲမှ ယခုကဲ့သို့ ရွေးကောက်ပွဲလုပ်လို့ရသည့် နေရာများနှင့် လုံခြုံရေးကြောင့် လုပ်လို့မရသည့် နေရာများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ကို ၄င်းတို့သဘောထားအား ကော်မရှင်ကို ပေးထားပြီးဖြစ်ကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်တွင် ဖြေဆိုခဲ့သည်။

၄င်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အထွေထွေအတွင်းရေးမှူး ဦးသူရိန်ထွဋ္ဋ်အား နိရဥ္စရာသတင်းဌာနမှ မေးမြန်းရာ ၄င်းမှာ သိရှိခြင်းမရှိသေးကြောင်းပြောသည်။

“ကျွန်တော်မသိသေးဘူးဗျ။ ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးအတွက် မဲရုံသုံးပစ္စည်းတွေကို အဆင်သင့်လုပ်ထားတယ်။ အဲဒီလို မကျင်းပနိုင်တဲ့ မြို့ဆိုပြီးတော့မသိရှိရသေးပါဘူး” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ်တချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ဟု သတင်းများ ဖြစ်ပေါ်နေပြီး ၎င်းမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်သာမက ကိုဗစ် ၁၉ ရောဂါ ကြောင့်လည်း အများစု ပြည်သူများမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ