တနင်္လာ၊ အောက်တိုဘာလ ၇ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်နေထိုင်သည့် အမ်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးဇော်ဝင်းမြင့်ကို စစ်ကောင်စီက ယမန်နေ့ညက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးဇော်ဝင်းမြင့် (၆၃) နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၊ ၂၀၂၀ ရွေးကောက်ပွဲတို့တွင် အမ်းမြို့နယ်အမှတ်(၁) မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာများတွင် NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကြောင်းသိရသည်။

ဦးဇော်ဝင်းမြင့်သည် အမ်းမြို့နယ်ဇာတိဖြစ်သော်လည်း လက်ရှိကျောက်ဖြူမြို့၊ မြစ်နားတန်း ရပ်ကွက်တွင် မိသားစုနှင့်အတူနေထိုင်နေရာ ယမန်နေ့ဒီဇင်ဘာလ ၁၉ ရက် ၊ ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်း ကျောက်ဖြူမြို့ခံလူမှု တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးကပြောသည်။

" ဦးဇော်ဝင်းမြင့်ကို ဖမ်းသွားတယ်ဆိုတာဟုတ်ပါတယ်။ ညက ည ၆ နာရီလောက်မှာ အိမ်ကိုလာပြီး ဖမ်းသွားတာပါ။ သူကမြစ်နားတန်းမှာနေတာ" ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

စစ်အာဏာသိမ်းပြီးချိန်ကပင် ရခိုင်တွင်လည်း စစ်ကောင်စီက NLD ပါတီဝင်များ၊ ပါတီနှင့် ဆက်စပ်သူများ၊ NLD လက်ထက် အုပ်ချုပ်ရေးမှူးများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ဆက်စပ်မှုခေါင်းစဥ်တပ်၍ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သည်။

NLD အမတ်လောင်းတစ်ဦးဖြစ်သည့် ဦးဇော်မြင့်ဝင်းကိုလည်း NUG , CRPH,PDF တပ်ဖွဲ့များနှင့် ဆက်စပ်မှုခေါင်းစဥ်တပ်၍ စစ်ကောင်စီက ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ကျောက်ဖြူမြို့ခံ လူငယ်က ဆက်လက်ပြောသည်။

" ရခိုင်မှာလည်း စစ်တပ်က NLD ပါတီဝင်တွေကိုဖမ်းဆီးတာတွေရှိခဲ့တယ်။ PDF တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ဖမ်းတယ်။ အခုဦးဇော်မြင့်ဝင်းကိုလည်း အဲဒီခေါင်းစဥ်နဲ့ ဖမ်းတာ ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။

ဦးဇော်ဝင်းမြင့်ဖမ်းဆီးခံရသည့်အခြေအနေနဲ့ လက်ရှိအခြေအနေကို အသေးစိတ်သိရှိနိုင်ရန် မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ဖို့ နိရဥ္စရာကကြိုးစားနေသည်။

လက်ရှိတွင် ဦးဇော်ဝင်းမြင့်ကို ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ကောင်စီက မည်သည့်ပုဒ်မတပ်၍ အမှုဖွင့်မည်ဆိုသည်ကို မသိရှိနိုင်သေးကြောင်းလည်း ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးက ပြောသည်။(NN-23)

ဆက်စပ် သတင်းများ