အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံ ဩဒိသပြည်နယ်တွင် ခရီးသည်တင်ရထားနှစ်စီး မျက်နှာချင်းဆိုင်တိုက်ရာမှ လူပေါင်း ၂၃၃ ဦးသေဆုံးပြီး ၉၀၀ ကျော်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 528

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩဒိသပြည်နယ်တွင် ဇွန်လ(၂)ရက်၊ ဒေသစံတော်ချိန် ည (၇)နာရီက ခရီးသည်တင်ရထားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ အနည်းဆုံး လူပေါင်း ၂၃၃ ဦး သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ပြောဆိုသည်။


ယခု ရထားတိုက်မှုမှာ ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် အဆိုးရွားဆုံးဖြစ်သည်။

 

သေဆုံးသူ နှင့် ဒဏ်ရာရသူ အရေအတွက် တိုးပွါးလာနိုင်သည်ဟု ဩဒိသပြည်နယ်အတွင်းရေးမှုး ပရာဒိ ဂျီနာ ကပြောကြားသည်။

 

ရေးပေါ်ကယ်ဆယ်ရေးယာဉ် ၂၀၀ ကျော်နှင့် ဆရာဝန် ၁၀၀ ခန့်က အခင်းဖြစ်ပွါးရာ ဘာလာဆိုရီခရိုင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

 

ရုပ်သံဗီဒီယိုများတွင် တွန့်ကြေသွားသော ရထားအပျက်အစီးများအကြား ကယ်ဆယ်ရေး အဖွဲ့ဝင်များက အသက်ရှင် ကျန်ရစ်သူများ ရှာဖွေနေစဉ် ငိုကြွေးနေသော ခရီးသည်အချို့ကို မြင်တွေ့ရသည်။

 

အဲဒီအနားမှာ ကျွန်တော်ရှိနေခဲ့တယ်။ သွေးတွေ၊ ခြေပြတ်လက်ပြတ်တွေနဲ့ လူတွေ သေနေတာ မြင်ခဲ့ရတယ်ဟု မျက်မြက်သက်သေတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

 

ရထားတိုက်မှုမှာ သောကြာနေ့ ဒေသစံတော်ချိန် ည (၇)နာရီခန့် တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

 

ဘင်ဂါလိုးနှင့် ဟောင်းရာ့ရှ် ကြား ပြေးဆွဲသော ဟောင်းရာ့ရှ် ဆူပါဖတ်စ် အိတ်စပရက် ရထားနှင့် ကိုလ်ကတ္တားနှင့် ချင်းနိုင်ကြား ပြေးဆွဲသော ကိုရိုမန်ဒယ် အိတ်စပရက် ရထားတို့ တိုက်မိကြခြင်းဖြစ်သည်။

 

ရထားနှစ်စီး မည်သို့ တိုက်မိသည်၊ မည်သည့်ရထားက အရင်တိမ်းမှောက်ပြီး မည်သည့်ရထားက ဝင်တိုက်သည်ကို အစိုးရက တရားဝင်ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

 

ရာနှင့်ချီသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အနံ့ခံခွေးများ ပါဝင်သည့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ အပူတပြင်းဆောင်ရွက်နေပြီး အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးအဖွဲ့များလည်း ရောက်ရှိနေသည်။

 

အိန္ဒိယရထားလုပ်ငန်း၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံတွင် နေ့စဉ် ခရီးသည် ၁၈ သန်းသည် ရထားအသုံးပြုသွားလာနေကြသည်ဟု သိရသည်။

 

 သို့သော် နိုင်ငံပိုင် ရထားလုပ်ငန်း၏ အခြေခံအဆောက်အအုံအချို့မှာ ဟောင်းနွမ်းနေပြီး မတော်တဆဖြစ်မှု မကြာခဏ ဖြစ်ပေါ်နေသည်။

 

ဒိသပြည်နယ် ဝန်ကြီးချုပ် နာဗင်း က သေဆုံးဒဏ်ရာရခရီးသည်များကို လေးစားသည့်အနေဖြင့် ဇွန်လ(၃)ရက်ကို ပြည်နယ်အတွင်း ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့သည်။

 

NN-27

Ref:Reuters/CAN

ဆက်စပ် သတင်းများ