အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

လူငယ်တစ်ဦးအား ရဲကပစ်သတ်မှုဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံမြို့ကြီးများတွင် အဓိကရုဏ်းများဆက်တိုက် ဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 594

ပြီးခဲ့သည့် အင်္ဂါနေ့က ပြင်နိုင်ငံ ပါရီမြို့တွင် ကားမောင်းလာသော လူငယ်တစ်ဦးအား မီးပွိုင့်တွင် ရဲတစ်ဦးက သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားပြီးနောက် ပါရီမြို့နှင့်တကွ အခြားမြို့ကြီးများတွင် ဆန္ဒပြသူများက မော်တော်ကားများ မီးရှို့ဖျက်ဆီးခြင်း၊ အဆောက်အဦးများအား ရိုက်ချိုးဖျက်ဆီးခြင်း၊ အမှိုက်ပုံးများ မီးရှိုခြင်းစသည့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။


ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့ညပိုင်းတို့တွင် ပါရီ၊ တူးလောက်စ်၊ ဒီဂျန်၊
လိုင်ယွန်၊ မာဆေး နှင့် နန့်တက်စ် မြို့များတွင် ဒေါသထွက်နေသော ဆန္ဒပြသူများ​၏ အဓိကရုဏ်းဖြစ်မှု ပိုမို ကြီးထွားလာသည့်အတွက် အချို့နေရာများတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားရပြီး သယ်ယူပို့ဆောင်ရေးယာဉ်များကိုလည်း ရပ်တန့်ထားရသည်ဟု ဆိုသည်။

 

ပါရီမြို့ ဆင်ခြေဖုံးရှိ ကလဲမတ်တွင် ကြာသပတေးနေ့မှ လာမည့် တနင်္လာနေ့အထိ ည ၉ နာရီမှ မနက် ၆နာရီအထိ အပြင်မထွက်ရန် အမိန့်ထုတ်ပြန်ထားသည်။

 

နာဟဲလ် အမ် အမည်ရှိ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးမောင်းနှင်လာသော ကားကို ရဲများက တားဆီးစစ်ဆေးစဉ် မောင်းပြေးရန်ကြိုးစားသည့်အတွက် ရဲတစ်ဦးက လူငယ်​၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

 

ပစ်ခတ်ခံရသော လူငယ်​၏ ကားမှာ လမ်းဘေးရှိ အရာဝတ္ထုများကို တိုက်မိပြီးနောက် ခေါင်းပိုင်းကြေကာပျက်စီးသွားသည်။

 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုဖိုင်ထွက်ပေါ်ခဲ့ရာ မြင်တွေ့ရသူများက ဒေါသထွက်ပြီး ရဲများ​၏လုပ်ရပ်ကို ဆန့်ကျင် ဆန္ဒပြရာမှ ယခုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

ရဲများက ထုတ်ပြန်သည့်သတင်းတွင် ယာဉ်မောင်းလူငယ်သည် ရဲများကို ကားဖြင့်တိုက်ရန် လာသည့်အတွက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

 

သို့သော် ဗီဒီယိုရုပ်သံဖိုင်တွင် လူငယ်​၏ ကားကို ရဲနှစ်ဦးက ရပ်တန့်စေပြီး စစ်ဆေးခြိမ်းခြောက်နေစဉ် သေနတ်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်ကို မြင်တွေ့ရသည်။

 

သေဆုံးသွားသည့် အသက်(၁၇)နှစ်အရွယ် အာရပ်နွယ်ဖွား နာဟဲလ် အတွက် ဆုတောင်းချီတက်ပွဲကို ဗုဒ္ဓဟူးနေ့က အခင်းဖြစ်ပွားရာ ပါရီမြို့ဆင်ခြေဖုံး နန့်တာရေတွင် ပြုလုပ်ခဲ့ရာ လူအမြောက်အများ ပါဝင်ဆင်နွှဲပြီးနောက် ရဲများက တားဆီးရာမှ ချီတက်သူများက မော်တော်ကားများကို မီးရှို့ဖျက်ဆီးခြင်း၊ ရှော့ပင်မောများ၊ အေတီအမ်စက်များ၊ အစိုးရအဆောက်အဦးမှန်များကို ရိုက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။

 

ရဲများက မျက်ရည်ယိုဗုံးဖြင့် လူစုခွဲရန် ကြိုးစားခဲ့ရသည်။

 

နာဟဲလ် အမည်ရှိ လူငယ်အား ပစ်သတ်ခဲ့သည့် ရဲအား အလိုအလျောက် လူသတ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည်။

 

သို့သော် အဆိုပါဖြစ်ရပ်​၏ နောက်ဆက်တွဲ ရိုက်ခတ်မှု မည်မျှရှိမည် မသိနိုင်သေးပေ။

 

ကြာသပတေးနေ့က ပြင်သစ်နိုင်ငံတစ်ဝန်း ရဲအင်အား ၄၀၀၀၀ အထိတိုးမြှင့်ချထားသလို ဓါတ်ရထားတွဲတစ်ခု မီးရှိုဖျက်ဆီးခံရပြီးနောက် ရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်မှုမှုအတွင်း လူပေါင်း ၁၅၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟုဆိုသည်။

 

ပါရီမြို့ပေါ်ရှိ ဘတ်စ်ကားလိုင်းများပြေးဆွဲမှုကို ကြာသပတေးနေ့ညပိုင်းက ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

 

 ပြင်သစ်သမ္မတ မက်ခရွန်က အကြမ်းဖက်ဖျက်ဆီးမှုများက တရားမျှတမှုကို ဖော်ဆောင်နိုင်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

 

နိုင်ငံတစ်ဝန်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် နာဟဲလ် အား ပစ်သတ်ခဲ့သည့် ရာအရာရှိက လူငယ်​၏ မိသားစုအား တောင်းပန်ကြောင်း ၎င်း​၏ ရှေ့နေက ပြောကြားခဲ့ပြီး ရဲအရာရှိမှာ အလွန်တုန်လှုပ်နေသည်ဟု ဆိုသည်။

 

 နာဟဲလ်​၏ မိခင်က ရဲများအားလုံးကို အပြစ်မတင်ကြောင်း၊ မိမိသားအား ပစ်သတ်ခဲ့သည့် ရဲကိုသာ အပြစ်တင်ကြောင်း၊ အာရပ်နွယ်ဖွား လူငယ်တစ်ဦးဖြစ်သည့်အတွက် ထိုသို့ ပစ်သတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

NN-27

 ref: Reuters/ AFP

ဆက်စပ် သတင်းများ