ဗုဒ္ဓဟူး၊ မေလ ၁၅ရက်၊ ၂၀၂၄

တောင်တရုတ်ပင်လယ်အတွင်း ကျောက်ချရပ်နားထားသည့် ဖိလစ်ပိုင်စစ်သင်္ဘောဟောင်းကို ဖယ်ရှားပေးရန် တရုတ်ကတောင်းဆိုပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 516

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွါးနေသော သဲသောင်ခုံအနီး ကျောက်ချရပ်နားထာသည့် ဖိလစ်ပိုင် စစ်သင်္ဘောဟောင်းကို နေရာမှဖယ်ရှားပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ (၈)ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဖိလစ်ပိုင်ရေတပ်၏ ရှေ့တန်းစခန်းအဖြစ် အသုံးပြုနေသော အဆိုပါစစ်င်္ဘောဟောင်းကို ရွှေ့မပေးနိုင်ဟု ဖိလစ်ပိုင်က ငြင်းဆန်ထားပြီး တရုတ် နှင့် ဖိလစ်ပိုင်ကြား တင်းမာမှုများ ဖြစ်ပေါ်နေသည်။

တောင်တရုတ်ပင်လယ်၊ ဒုတိယ သောမတ်သောင်ခုံရှိ ဖိလစ်ပိုင်ရေတပ် ရှေ့တန်းစခန်းသို့ သွားရောက်ခဲ့သည့် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ရေတပ်သင်္ဘောများက လိုက်လံနှောက်ယှက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါနေရာ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ် နှင့် ဖိလစ်ပိုင်ကြား အငြင်းပွါးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

“ ဒုတိယ သောမတ်စ်သောင်ခုံအနီးက စစ်သင်္ဘောကို ချက်ချင်း ဖယ်ရှားပြီး ကျုးကျော်မှုမရှိ နဂိုအတိုင်း ပြန်ထားပေးဖို့ တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်း ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒုတိယ သောမတ်စ်သောင်ခုံအရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက သံတမန်ရေး နည်းလမ်းဖြင့် ဖိလစ်ပိုင်အား အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၏ ရိုးသားမှု နှင့် ချစ်ခင်ရင်းနှီးမှုကို မသိကျိုးကျွံပြု နေခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဂျိုနသန် မာလာယာ က ဖိလစ်ပိုင်အနေဖြင့် ဒုတိယသောမတ်စ် သောင်ခုံ ရှေ့တန်းစခန်းမှ ဘယ်တော့မှ ဆုတ်ခွာမည်မဟုတ်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီး ဖြစ်သည်။

“ တရုတ်ကို ကျွန်တော်တို့ တောင်းဆိုချင်တာက ဖိလစ်ပိုင်တွေကို အန္တရာယ်ဖြစ်စေမယ့် မီးသတ် ရေပိုက်နဲ့ ထိုးတာ။ လေဆာရောင်ခြည် ဆလိုက်နဲ့ ထိုးတာတွေ လုပ်ပြီး ပြဿနာကြီးအောင် လုပ်မယ့်အစား သံတမန်ရေးနည်းနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ပါ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဖိလစ်ပိုင်ရေတပ်ရှေ့တန်းစခန်းသို့ သွားရောက်ခဲ့သည့် ဖိလစ်ပိုင် သင်္ဘောတစ်စီးကို တရုတ်ရေတပ်သင်္ဘောတစ်စီးက မီးသတ်ရေပိုက်ဖြင့်ထိုးကာ နှောက်ယှက်မှု ပြုခဲ့သည်။

တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ဂျူနီယာ မားကို့စ် အား အမေရိကန်က ထောက်ခံအားပေးမှုပြုခဲ့ပြီးနောက်ပိုင်း တရုတ် နှင့် ဖိလစ်ပိုင်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

 

NN-27

ref:CNA

ဆက်စပ် သတင်းများ