ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဖေဖော်ဝါရီ ၁ ရက် ကာ/လုံ အစည်းအဝေးခေါ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဥ္ဇရာ၊ ဇန်နဝါရီ ၂၁/၂၀၂၃

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းထားတာ ၂နှစ်ပြည့်တဲ့နေ့မှာ (ကာ/လုံ) အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆို ထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက " နှစ်နှစ်ပြည့်တဲ့အခါ အမျိုးသား ကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီမှာ အစီရင်ခံ တင်ပြရမှာ ရှိပါတယ်။ အဲ့မှာ တင်ပြမယ့်ဟာတွေကို စောင့်ကြည့် ပေးဖို့ ပြောချင်ပါတယ် " လို့ ပြည်ပသတင်းဌာနတွေကို ပြောဆိုထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလကို (ကာလုံ) အစည်းအဝေးခေါ်ယူပြီး ပထမသက် တမ်း ၁ နှစ် နဲ့ ဒုတိယသက်တမ်း ၆ လ နှစ်ကြိမ်စီ သက်တမ်းတိုးခွင့်ရှိရာ စစ်ကောင်စီက အာဏာသိမ်း ထားတဲ့ကာလအတွင်း (ကာလုံ) အစည်းအဝေး နှစ်ကြိမ်ခေါ်ယူခဲ့ကာ အာဏာသိမ်းသက်တမ်းကိုလည်း ထိုးမြှင့်နေခဲ့တာ ဖြစ်ပါတယ်။

ခုလိုသက်တမ်းတိုးထားရာကနေ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ တရားဝင် ကြေညာထားပြီး လက်ရှိတွင် စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပနိုင်ရန် လူဦးရေစာရင်း ကောက်ယူမှု တွေ ပြုလုပ်လျက်ရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာ/လုံကို နိုင်ငံ တော်သမ္မတ၊ ဒု-သမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့နေ့နဲ့ နောက်ပိုင်းတွေမှာကျင်းပခဲ့တဲ့ ကာ/လုံအစည်းအဝေးတွေမှာတော့ ယာ ယီသမ္မတ ဦးမြင့်ဆွေ၊ လက်ရှိ စစ်ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု-ဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ တက်ရောက်ပါတယ်။

ဓါတ်ပုံ - စစ်ကောင်စီ

ဆက်စပ် သတင်းများ