သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း အကြမ်းဖက်ကျူးလွန်ခံရမှုကြောင့် ချင်းလူမျိုး ၃၈၀ ကျော် သေဆုံးခဲ့ကြောင်း ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

နိရဉ္စရာ၊ မတ် ၈/၂၀၂၃

စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်တာကာလအတွင်း ချင်းပြည်နယ်ထဲ၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏  လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်ကျုးလွန်မှုများကြောင့် ချင်းလူမျိုး ၃၈၀ ကျော် သေဆုံးခဲ့ ကြောင်း မတ်လ ၂ ရက်နေ့တွင် Institute of Chin Affairs – (ICA) (ချင်းရေးရာအဖွဲ့ချုပ်) က ထုတ်ပြန် သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်တပ်အုပ်ချုပ်သည့် ၂ နှစ် ပြည့်ခဲ့သည့်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်တွင် လက်နက်များ အသုံးပြုခဲ့ကြသလို  လေကြောင်းမှလည်း ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ကာ သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထား သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် အသက်မပြည့်သေးသည့်ကလေးငယ်များနှင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များအပါအဝင် ချင်းလူမျိုး ၃၈၀ ကျော်တို့ သေဆုံးခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် ICA ၏  ပြုစုထားသည့် စာရင်းဇယား၌ ဖော်ပြထားသည်။

အဆိုပါသေဆုံးသည့် ချင်းလူမျိုး ၃၈၀ ကျော်ထဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၀ ကျော်၊ အရပ် သားပြည်သူ ၁၂၀ ကျော်ပါဝင်ကြောင်း ဖော်ပြထားသည်။

ယင်းတို့အထဲတွင် အသက် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျ်ားလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ပြီး (၆) လ နှင့် (၇) လသားအရွယ် နို့စို့ကလေးငယ်နှစ်ဦးလည်း ပါဝင်သည့်အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄) ပါးလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရက်စက်စွာ သက်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ချင်းလူမျိုးများသည် ပုံစံအမျိုးမျိုးဖြင့် အသတ်ခံခဲ့ရကြောင်းကို ချင်းရေးရာအဖွဲ့ချုပ် ICA လက်ထောက်ညွှန် ကြားရေးမှူး Salai Van Sui San က နိရဉ္စရာသတင်းဌာနကို ယခုလို ရှင်းပြပြောဆိုသည်။

သူတို့သေဆုံးတဲ့ဟာတွေက ပုံစံအမျိုးမျိုးနဲ့ရှိတာပေါ့နော်။ တစ်ချို့ကြတော့ မိုင်းနဲ့သေဆုံးတဲ့သူတွေ လည်း ရှိတယ်။ တစ်ချို့ကတော့ မုဒိမ်းကျင့် သတ်ဖြတ်ခံရတဲ့သူတွေလည်းရှိတယ်။ လူသားဒိုင်းကာ အသုံးပြုတာလည်းရှိတယ်။ ဒီလေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုကြောင့် ကျဆုံးသွားတဲ့သူတွေရော ပြော မယ်ဆိုရင်တော့ အများကြီးပဲ။ တစ်ချို့ဆိုရင် အကျဉ်းထောင်ထဲမှာကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အကျဉ်းထောင် ဆူညံအောင်လုပ်ပြီးတော့မှ အကျဉ်းထောင်ကို ဆူညံစေမှုနဲ့ သတ်ဖြတ်လိုက်တာတွေရောပေါ့ နော် ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်ကြရာတွင်လည်း ချင်းအမျိုးသမီး ၄ ဦးအား အုပ်စုဖွဲ့ကာ မုဒိမ်းကျင့်ခဲ့ကြသည့်အပြင် ထိုအထဲမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့ သည်ဟု ICA ကဆိုသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့က တီးတိန်မြို့နယ် အာလွယ်ရွာမှာ ကိုယ်ဝန်ခုနစ်လရှိသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကို တပ်မ-၂၂ လက်အောက်ခံ စစ်သားနှစ်ဦးက နှစ်ကြိမ်တိုင်တိုင် အဓမ္မပြု ကျင့်ခဲ့ကြောင်း၊ ယင်းနေ့ညမှာတင် ကလေးမီးဖွားပြီးစ အသက် ၂၇ နှစ်အရွယ် နောက်ထပ် အမျိုးသမီး တစ်ဦးကိုလည်း စစ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ကြကြောင်း ကာယကံရှင် အမျိုးသမီးများက ပြော ကြောင်း သတင်းများအရ သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းအမျိုးသားများ အဓိကကိုးကွယ်ယုံကြည်သည့် ခရစ်ယာန် ဘာသာ ဓမ္မအမှုဆောင် ဆရာတော် (၄) ပါးကိုလည်း ဘာသာတရားအပေါ် လေးစားမှုကင်းမဲ့စွာဖြင့် သတ် ဖြတ်ခဲ့ကြသည့်အပြင် ချင်းပြည်နယ်အတွင်း ဘာသာရေး အဆောက်အဦး (၆၀) ထက်မနည်းကိုလည်း မီး ရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ပြောသည်။

ချင်းပြည်နယ်အတွင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားပြည်သူ (၅၆) ဦးကို လမ်းပြ၊ ဓားစာခံအနေဖြင့် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြ ပြီး ယင်းတို့ထဲကအချို့မှာ နှိပ်စက်သတ်ဖြတ်ခြင်းခံခဲ့ကြရသည်

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးများနှင့် ပစ်ခတ်ခြင်းကြောင့် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦးများကို ထိမှန်ပျက်စီးခဲ့ရသလို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးမီးရှို့ခဲ့ကြသည့်အတွက် ဘာသာရေး အဆောက်အဦးနှင့် လူနေအိမ် စုစုပေါင်း (၄၃၀၀) ကျော်ရှိသည်ဟု ICA က ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းအမျိုးသား (၉၀၀) နီးပါးသည် မတရားဖမ်းဆီးခံခဲ့ရကာ ဖမ်း ဆီးခံရသော ပြည်သူများကို စစ်ကောင်စီမှ အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးဖြင့် သက်သေအထောက် အထားခိုင်လုံမှုမရှိပဲ မတရားသဖြင့်အလုပ်ကြမ်းနှင့် ထောင်ဒဏ် အသီးသီးချမှတ်ခြင်းများ ပြုလုပ်ခဲ့သည် ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နည်းလမ်းမျိုးစုံဖြင့် နှိပ်စက်သတ်မှုများကြောင့် ချင်းပြည်နယ်ထဲ၌ လူဦးရေ ၉၀၀၀၀ နီးပါး၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် (၄၀၀၀၀)၊ မဏိပူရ်ပြည်နယ်တွင် (၁၅၀၀၀) ကျော်နှင့် နယူးဒေလီနှင့် အခြား အိန္ဒိယနိုင်ငံပြည်နယ်တို့တွင် (၁၀၀၀၀) ကျော်တို့သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရ သည်။

စစ်တပ်၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများအား လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းကပင် တိုင်းရင်းသားများ တွေ့ကြုံ ခံစားကြရပြီ ဖြစ်သည်ဟုဆိုသည်။

ယခုလည်း စစ်ကောင်စီတပ်သည် အလားတူနည်းလမ်းများကိုအသုံးပြု၍ ချင်းပြည်နယ်အပါအဝင် နိုင်ငံ တစ်ဝန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း၊  လူဦးရေ (၅) သိန်းမျှရှိသော ချင်းပြည်နယ်အတွင်း ဤသတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန် ပင်များပြားလှပါကြောင်း  ICA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ရာဇဝတ်များ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများ၊ လူ့ အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် နိုင်ငံ တကာမှ ထိရောက်သောအရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) က တောင်းဆိုထားသည်။

ဆက်စပ် သတင်းများ