တနင်္ဂနွေ၊ ဇွန်လ ၁၆ရက်၊ ၂၀၂၄

ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ULA/AA နှင့်အတူရပ်တည်ကြောင်း သဘောထားထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 4k

အေးမြတ်ခိုင်၊ နိရဥ္စရာ၊မေလ ၂၃/၂၀၂၄

ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို(PMSAB)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA) နှင့် အတူရပ်တည်ကြောင်း သဘောထား ထုတ်ပြန်သည်။

လက်ရှိဖြစ်ပေါ်နေသည့် အဆိုပါအခြေအနေများနှင့် ပတ်သက်၍ မြေပြင်ပကတိ အခြေအနေမှန်များကို သေချာ တိကျစွာ လေ့လာစုံစမ်းသိရှိခြင်းမရှိဘဲ အခြေအမြစ်မရှိသည့် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲပါသည့် သတင်းအချက်အလက်များ အပေါ် အခြေခံ၍ သုံးသပ်ချက်ထုတ်ပြန်ချက်များ ပြုလုပ်မည်ဆိုပါက မှားယွင်းသည့်ရလဒ်များ ဖြစ်ပေါ်လာ စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် စစ်အာဏာရှင်ကျရှုံးရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော် (ULA/AA) နှင့်အတူ သစ္စာရှိစွာ အတူတကွ ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မဟာအကြံပေးဗျူရို (PMSAB) နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့သည် မြန်မာ့ နွေဦး တော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ စစ်အာဏာရှင်ကျရှုံးရေး၊ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်များ၊ မြေပေါ်မြေအောက် တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ လက်တွဲလျက် တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသော အဖွဲ့များဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ