ကြာသပတေး၊ ဇွန်လ ၂၇ရက်၊ ၂၀၂၄

စီမံကိန်း (၁၂) ခုအတွက် ကန်ဒေါ်လာ ၃.၆ သန်းခန့် တရုတ်က စစ်ကောင်စီကို ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 2.9k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၄

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးဌာန (၆) ခုက အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းစုစုပေါင်း (၁၂) ခုအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းခန့်ကို တရုတ်နိုင်ငံက မြန်မာစစ်အစိုးရ ထံသို့ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းမှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကိုဇွန်လ၁၄ရက်ကပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီ၏ နိုင်ငံခြားရေး၀န်ကြီးဌာနကသတင်းထုတ်ပြန်သည်။

အဆိုပါ စီမံကိန်း (၁၂) ခုကို စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ သစ်တောဆိုင်ရာအရင်းအမြစ်များ ကာကွယ် ထိန်းသိမ်းရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများတွင် သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုသော အလေ့အထနှင့် တီထွင်ဆန်းသစ်မှုများဆောင်ရွက်ရေး၊ ကျေးရွာ အဆင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် ယဉ်ကျေးမှု ကဏ္ဍမြှင့်တင်ရေးစသည့် နယ်ပယ်များ၌ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှတစ်ဆင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ (၃၅) သန်းခန့် တန်ဖိုးရှိသော ကဏ္ဍပေါင်းစုံ စီမံကိန်း (၁၁၈) ခုကို လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။

(ပုံ/စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့ လက်မှတ်ရေးထိုးနေစဉ်။)

ဆက်စပ် သတင်းများ