သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ARA စစ်ဦးစီးချုပ်ကို သူ၏ညီအစ်ကိုတော်စပ်သူအတူ ဘင်္ဂလားဒေ့ရှ်တွင်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ စက်တင်ဘာ၁ /၂၀၂၄ 

မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့ တစ်ခုဖြစ်သည့် ARA ( Arakan Rohingya Army) ၏ စစ်ဦးစီးချုပ် နာဘီဟူစိန် (  Nabi Hussain) နှင့်  သူ၏ညီဖြစ်သူအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း ဒေသအတွင်းက သတင်းဌာနတစ်ခုဖြစ်သည့် အိုကီးယားနယူးစ်တွင် ဓာတ်ပုံနှင့်တကွ ယနေ့သတင်းဖော်ပြသည်။

၎င်းတို့နှစ်ဦးအား ကော့စ်ဘဇားခရိုင်၊ အိုကီယားမြို့နယ်၊ ဖလမ်းခါလီတိုက်နယ်၊ အီရာနီ ရဲစခန်းအနီးရှိ၊ ဒုက္ခသည် စခန်းအမှတ် (၈) ဘလော့ဂ် (ဘီ) တွင် ဩဂုတ် ၃၁ ရက် (စနေနေ့) နံနက်ပိုင်း၌ ဖမ်းမိသည်ဟု ဖော်ပြသည်။

ဖမ်းဆီးရမိသူ ၂ ဦးမှာ  နာဘီဟူစိန်မှာ အသက် (၄၇) နှစ်ဖြစ်ပြီး သူ၏ ညီဖြစ်သူ ဆာယေ ဟူစိန် (ခေါ်) ဘူလူ (Syed Hossain alias Bulu) မှာ အသက် (၄၅) တို့ဖြစ်ကြပြီး ၎င်းတို့မှာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ နှစ်ဦးအနက် နာဘီဟူစိန်သည် အကြမ်းဖက်လုပ်ရပ်အများအပြားတွင် ပါဝင်သူ တစ်ဦးဖြစ်ပြီး လူသတ်မူ၊ မူးယစ်ဆေးဝါးမှောင်ခိုလုပ်မှု၊ ဓားပြမှုစသည့် အမှုအများအဖြင့်  အမှုဖွင့်တရားဆိုခံထားရသည်ဟု ဆိုသည်။

၎င်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး  အမှတ် (၁၄) လက်နက်ကိုင် ရဲတပ်ဖွဲ့ လက်ထောက် ရဲမှူး  Arefin Jewel က အတည်ပြုပြီး ဖမ်းဆီးစဉ်အတွင်း ၎င်းတို့ထံမှ နိုင်ငံခြားလုပ် ပစ္စတိုသေနတ်နှစ်လက်၊ ကျည် ၈ တောင့်ကို အတူ ဖမ်းမိသည်ဟု ပြောဆိုသည်။

၎င်းတို့နှစ်ဦးအား တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရန် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ