တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ်ဆင်သေရွာအနီးတိုက်ပွဲ ထိခိုက်မှုများရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာနှင့် ဥယာဉ်သာကျေးရွာအကြား ဆင်သေရွာကျေးရွာအနီးတွင် သြဂုတ် ၂၈ ရက် နံနက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တာ် (AA) တို့အကြားတိုက်ပွဲ (၂) ကြိမ် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည်ဟု သတင်းရရှိသည်။ 

ဆင်သေရွာမူဆလင်ကျေးရွာသားတစ်ဦးက “ တိုက်ပွဲ မနေ့က နံနက်မှာ နှစ်ကြိမ်ဖြစ်ပါတယ်။ တစ်ကြိမ် နာရီဝက်ခန့်ကြာပါတယ်။ ၈ နာရီတစ်ကြိမ်၊ ၉ နာရီ တစ်ကြိမ်၊ ကျွန်တော်တို့လည်း နာရီအတိအကျ မှတ်မထားတော့ တိတိကျကျ အချိန်ကို မပြောနိုင်ဘူး။ ကျွန်တော်တို့ ရွာနားက တောင်ထဲမှာဖြစ်ကြတာပါ။ ကျွန်တော်တို့ ကတော့ မသိဘူး။ ဘယ်သူမှ မသွားရဲဘူး။ စစ်တပ်က ဒဏ်ရာတဲ့ တစ်ယောက်ကို ထမ်းပြီး ယူသွားတာကို မြင်ရပါတယ်။ သူဘယ်သူလဲဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး” ဟု ပြောကြားသည်။

တိုက်ပွဲဖြစ်စဉ်အားရက္ခိုင့်တပ်တော်AA  မှ  ခိုင်သုခအားမေးမြန်းရာ
 “တိုက်ပွဲဖြစ်တာဟုတ်ပါတယ်။ ဥယာဉ်သာကျေးရွာ အရှေ့ တောင်ဘက်မှာအင်အား၂ဝဝလောက်ရှိတဲ့ ဗမာစစ်တပ်စစ်ကြောင်း တစ်ခုကို ရက္ခိုင့်တပ်တော်ကနေ ပိတ်ဆို့တိုက်ခိုက်တာပါ။ သူတို့ဆီက အထိအခိုက်တွေရှိတယ်”ဟု ပြောသည်။

တိုက်ပွဲမှာ တပ်မတော်နှင့်ရက္ခိုင့်တပ်တော် AA  တို့ နှစ်ဖက်လုံးမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်လှန် ပစ်ခတ်သံများ ကြားရကြောင်းလည်းသိရသည်။

တိုက်ပွဲဖြစ်ပွားအခြေနေအား အနောက်ပိုင်းတိုင်း စစ်ဌာနချူပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ“တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ တိုက်ပွဲက နာရီဝက်လောက်ဘဲဖြစ်တာပါ။ ခဏဘဲဖြစ်တာပါ” ဟုပြောသည်။

ဒေသခံ ရွာသားတစ်ဦးက “နွားရုံတောင်ကြားဘက်က လက်နက်ကြီးတွေ ပစ်သံကြားရပါတယ်။ မနက် ၈နာရီကျော်လောက်ကကြားတာပါ။ နာရီဝက်လောက်စီ နှစ်ကြိမ်ကြားပြီးတော့ တိတ်သွားပါတယ်” ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးနားမှ ဒေသခံများက လက်နက်ကြီး အသံများ ကြားရပြီး စိုးရိမ်မူများ ရှိနေကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ