တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့ကို UNESCOစာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း စက်တင်ဘာ ၂၅ ရက်နေ့ကတင်သွင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.4k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်(UNESCO) စာရင်းဝင်ရေး အဆိုပြုလွှာ မူကြမ်း MRAUK-U Nomination Dosseir For Inscription On the World Heritage list(2019) ကို တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအဆိုပြုလွှာ မူကြမ်းကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ပြင်သစ်နိုင်ငံ ကမ္ဘာ့အမွေအနှစ်ရုံး UNESCO World Heritage Centre သို့ စက်တင်ဘာလ ၂၅ ရက်နေ့က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“မူကြမ်းက တင်ပြီးသွားတဲ့အခါမှာ သူတို့က ဒီနေရာဟာ ဖြစ်သင့်မဖြစ်သင့်နဲ့ ကျွန်မတို့ တင်ပြထားတာတွေက တကယ်ဟုတ်လား မဟုတ်လားဆိုတာ သူတို့က စစ်ဆေးဦးမှာပါ။ ပထမအနေနဲ့ ခရီးသည်လိုမျိုးလာပြီး လေ့လာ ကြမယ်။ ဒုတိယတစ်ခေါက်က တရားဝင်လာ လေ့လာမယ်ပေါ့။ အဲဒီခါမှ ကမ္ဘာ့အမွေနှစ် ဝင်ဖို့ကိစ္စက ဖြစ်မြောက်မှာပါ ” ဟု မြောက်ဦးမြို့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီမှ ဒေါ်ခင်သန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
ယင်းအဆိုပြုလွှာ  မူကြမ်းတွင် မြောက်ဦးမြို့မှ အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အအုံများ၊ ဘုရားပုထိုး၊နန်းတော်ရာများနှင့် မြို့၏ ဖွဲ့စည်းပုံ မြေပြင်အခြေအနေများကို ထည့်သွင်းရေးသားထားကြောင်း သိရသည်။

“မြောက်ဦးမြို့ကို ကမ္ဘာ့အမွေနှစ်ဝင်ဖို့အတွက် ၂၁ နိုင်ငံက မဲပေးပြီးမှ ဆုံးဖြတ်ကြမှာပါ။ မြောက်ဦးမြို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်သွားရင် ဘယ်လို ဥပဒေတွေနဲ့ နေရမယ်၊ ဘယ်လိုတွေ စောင့်ထိန်းကြရမယ် ဆိုတာကို ကျွန်မတို့ ပြည်သူလူထုတွေကို အသိပညာပေးတွေ ဟောပြောသွားမှာ ဖြစ်ပါတယ် ”ဟု သူမက ဆက်ပြောသည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ကို ၂ဝ၁၇ ခုနှစ်ကစ၍ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး အတွက် ကြိုးစားလာခဲ့ခြင်းဖြစ်ပြီး ယူနက်စ်ကို ဝင်ရေး မူကြမ်းကို ယမန်နေ့က တင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။


ဆက်စပ် သတင်းများ