ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ကျေးရွာမှ နေအိမ်များ မီးရှို့ခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ နေအိမ်အချို့ မီးရှိုခံနေရကြောင်း ရွာသားများက သတင်းပေးပို့သည်။

ယနေ့ နေ့လယ် ၂နာရီခန့်က စတင်ပြီး ကွမ်းတောင်ကျေးရွာရှိ နေအိမ်အချို့ မီးရှို့ခံနေရသဖြင့် အိမ်များ မီးလောင်မှု ဖြစ်ပွားလျက်ရှိနေကြောင်း စေတီတောင်ကျေးရွာသို့ စစ်ရှောင်ရောက်ရှိနေသည့် ကွမ်းတောင် ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ပထမ နွားရုံတောင်ဘက်ကနေ ပြီး လက်နက်ကြီးပစ်တယ်။ အဲဒီနွားရုံတောင်မှာ စစ်တပ်ရှိပါတယ်။ လက်နက်ကြီး ပစ်ပြီးတာနဲ့ ကျနော်တို့ကွမ်းတောင်ရွာ မီးလောင်ပါတယ်။ နေအိမ် လေးဆောင် ငါးဆောင်လောက်လောင် နေတာတွေ့ပါတယ်။ မီးခိုးတွေထွက်နေတာကို မြင်နေရပါတယ်။ ” ဟု ၎င်းက ပြောသည်။

ထိုမီးလောင်မှုမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး လောင်သည့် မီးပုံစံမဟုတ်ကြောင်း၊ မီးခိုးမှာ တနေရာတည်းမဟုတ်ဘဲ ရွာအစနှင့် ရွာအဆုံးနေရာများမှ မီးခိုးများတက်လာနေသည်ကို မြင်တွေ့နေရသည့် အတွက်ကြောင့် ရှို့မီးပုံစံဖြစ်နေသည်ဟု အဆိုပါကွမ်းတောင်ရွာသားက ပြောသည်။

ဆက်လက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကလည်း ကွမ်းတောင်ကျေးရွာ မီးလောင်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ စေတီတောင်ကျေးရွာသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များက ၄င်းထံသို့ သတင်းပေးပို့ချက်အရ သိရကြောင်း ပြောသည်။

“အခုအဲဒီဖက်မှာ ဘယ်သူမှမရှိတော့ဘူး။ ကွမ်းတောင်ကလူတွေက စေတီတောင်ဖက်ကို ထွက်ပြေးသွားတာ ကြာပါပြီ။ အဲဒီဖက်မှာ စစ်တပ်တွေဘဲ ရှိတယ်။ ရွာသားတွေက မရှိတော့ဘူး။ မီးလောင်နေတာကို စေတီတောင်မှာရှိတဲ့ လူတွေက မြင်လို့ ကျနော့်ကို ဖုန်းဆက်ပြီး ပြောတာ” ဟု ဦးအောင်သောင်းရွှေက ပြောသည်။

ကွမ်းတောင်ကျေးရွာမှ ကျေးရွာသားများသည် ပြီးခဲ့သည့် တစ်လခန့်က စေတီတောင်ကျေးရွာသို့ စစ်ရှောင်နေခဲ့ကြပြီး ကျေးရွာအတွင်း မည်သူတစ်ဦး တစ်ယောက်မှ မရှိကြောင်း၊ ကျေးရွာအနီး စစ်တပ်သာရှိကြောင်း၊ ယခု မီးလောင်ခြင်းမှာ မည်သည့်အတွက်ကြောင့်လောင်ကြောင်း၊ မည်သူက မီးရှို့သည်ကို စုံစမ်းနေကြောင်း ရွာသားများက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအမ်းမောင်သို့ ဖုန်းဆက်ရာ ဖုန်းပိတ်ထားသဖြင့် မီးရှို့မှုနှင့် ပတ်သက်ပြီးအသေးစိတ် မေးမြန်းတင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ