တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ်ဆရာဝန်ကြီးကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားသူ ဆက်သွယ်ရေးပုဒ်မနှင့် အသရေဖျက်မှုပုဒ်မတို့ဖြင့် အမှုဖွင့်ရန်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၂၂ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ရှိ မာန်အောင်အများပိုင်ကုမ္ပဏီဝန်ထမ်းသေဆုံးမှုနှင့်ပတ်သက်၍ မြို့နယ်ဆရာဝန်ကြီးကို လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်ရေးသားသည်ဟုဆိုသူတစ်ဦးသည် ဆက်သွယ်ရေးပုဒ်မနှင့် အသရေဖျက်မှုပုဒ်မတို့ဖြင့် အမှုဖွင့်ရန် တိုင်တန်းခံလိုက်ရသည်ဟု သိရသည်။
လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန်စွပ်စွဲရေးထားသည်ဆိုသူအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းက မတ်လ ၂၁ ရက်တွင် မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်စခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် အသရေဖျက်မှုပုဒ်မ ၅ဝဝ တို့ဖြင့် အမှုဖွင့်ရန် တိုင်တန်းထားခြင်းဖြစ်သည်ဟု ဒေါက်တာစောမင်း၏ လက်ထောက် ကိုကျော်ဝင်းထွန်းက နိရဥ္စရာကိုပြောသည်။
“အမှုဖွင့်ခံထားရတဲ့လူကိုတော့ ပြောလို့မရသေးဘူး။ ဆရာဝန်ကြီးကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆေးစာနဲ့ပတ်သက်ပြီး မဟုတ်မမှန်ရေးသားထားလို့ တိုင်ချက်ဖွင့်ထားတာပါ”ဟု ပြောသည်။
အမှုဖွင့်ရန်တိုင်တန်းခံရသူမှာ မည်သူမည်ဝါဆိုသည်ကို ရဲလုပ်ငန်းအရ ထုတ်ဖော်ပြော၍မရသေးဟု ဆားချက်တိုက်နယ်စခန်းမှ ဒုရဲအုပ် နေလင်းထွန်းက ပြောသည်။
“ကျနော်တို့ အခုအမှုဖွင့်ဖို့လုပ်နေပါတယ်။ အမှုဖွင့်ခံထားရသူကိုတော့ ပြောပြခွင့်မရှိသေးဘူး”ဟု ပြောသည်။
အမှုဖွင့်ရန်တိုင်တန်းခံရသူမှာ မည်သူမည်ဝါဆိုသည်ကို နိရဥ္စရာကလည်း စုံစမ်း၍မရသည့်အတွက် သူ၏သဘောထားအား တင်ပြနိုင်ခြင်းမရှိပါ။
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ်ဆေးရုံအုပ်၏ဆေးစာတွင် မြို့နယ်ဆရာဝန်၏မှတ်ချက်တစ်စုံတစ်ရာမပါဝင်သည့်အတွက် အမှုမှန်ပေါ်ပေါက်စေလို၍ ယခုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခြင်းဖြစ်နိုင်သည်ဟု သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူ မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။
“ဒီသေဆုံးမှုက လူသတ်မှုဖြစ်နိုင်တယ်။ ဆရာဝန်ဆီက ထွက်တဲ့ ဆေးစာထဲမှာ သေဆုံးမှုနဲ့ပတ်သက်ပြီး မှတ်ချက်တစ်ခုခုမပါတော့ သေဆုံးသူရဲ့ ဆွေမျိုးဖြစ်ချင်ဖြစ်မယ်။ တခြားလူဖြစ်ချင်ဖြစ်မယ်။ မခံချင်တဲ့စိတ်နဲ့ အမှုမှန်ပေါ်ပေါက်လိုတဲ့ စိတ်နဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားတာတွေ ရှိတယ်။ အဲ့ဒါကို အမှုဖွင့်ထားတာထင်တယ်”ဟု ပြောသည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ စားဖိုမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခင်ကျေးရွာမှ ၂၁ နှစ်အရွယ် ကိုမင်းထက်ဝေ ဖြစ်သည်။
သူသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဉ့် ၂ နာရီက သူအလုပ်လုပ်နေသည့် ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့် သံသယရှိသူ ၂ ဦးကို ရမန်ယူပြီးစစ်ဆေးနေသော်လည်း အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးဟု သိရသည်။
ကီး

ဆက်စပ် သတင်းများ