တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို စဉ်လာမပျက်ကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.4k

နွေဦးမေ
နိရဥ္စရာ၊ မတ် ၂၃ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို ယခုနှစ်တွင်လည်း စဉ်လာမပျက်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ယင်းပွဲကို နှစ်ဆန်းတစ်ရက်ဖြစ်သော ဧပြီလ ၁၇ ရက်တွင် ရိုးရာအတိုင်း စဉ်လာမပျက် ကျင်းပသွားမည်ဖြစ်သည်။
သင်္ကြန်အတွင်း ကိုယ့်ရခိုင်လူမျိုးများ ယဉ်ကျေးမှုကိုထိန်းသိမ်းကာ အမျိုးဘာသာ သာသနာကိုထိန်းသိမ်းစေလိုပြီး ရခိုင့်ယဉ်ကျေးမှုအကများကိုလည်း ဖော်ထုတ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ စာရင်းစစ် ဦးစံညွန့်က နိရဥ္စရာကို ပြောသည်။
“ဒီသင်္ကြန်တွင်းမှာ ပုံပျက်ပန်းပျက် ကခုန်နေတဲ့ ကလေးတွေကို ကိုယ့်ရခိုင်ယဉ်ကျေးမှုကို ထိန်းသိမ်းစေလိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်”ဟုပြောသည်။
ယခုနှစ်ကျင်းပမည့် စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲမှာ (၅၈)ကြိမ်မြောက်ဖြစ်ပြီး စစ်တွေရှိ ဘိုးဘွားရိပ်သာအပါအဝင် တစ်မြို့လုံးရှိ ရပ်ကွက်တိုင်းသို့ သွားရောက်ကာ အသက်(၈ဝ)နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် ကျပ် ၄ သောင်းဖြင့် ကန်တော့သွားမည်ဟုလည်း သိရသည်။
ယခုနှစ်တွင်ကန်တော့မည့် သက်ကြီးအဘိုးအဘွားဦးရေစာရင်းနှင့် အလှူငွေများကိုလည်း မြို့ကိုပတ်၍ လှည့်လည်ကောက်ခံနေကြပြီဟု ဦးစံညွန့်က ဆိုသည်။
ယခင်နှစ်က စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲတွင် အဘိုးအဘွားဦးရေ ၁၁၂၈ ဦးကို ပူဇော်ကန်တော့ခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ - ယခင်နှစ်က ပြုလုပ်ခဲ့သည့် စစ်တွေမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲမြင်ကွင်း။

ဆက်စပ် သတင်းများ