တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် လူနာတင်ယာဉ်များ လွတ်လပ်စွာဖြတ်သန်း သွားလာခွင့်မရ၍ အရေးပေါ်လူနာများ အသက်အန္တရာယ်စိုးရိမ်နေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k


ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂၆/ ၂ဝ၂၂
ရခိုင်တွင် ယခုနောက်ပိုင်း လူနာတင်ယာဉ်များ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်မရရှိသဖြင့် အရေးပေါ်လူနာများသည် အသက်အန္တရာယ်စိုးရိမ်နေရသည့်အခြေအနေနှင့်ရင်ဆိုင်နေကြရကြောင်း ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းများမှ သိရသည်။
မတ်လ ၂၂ ရက်နေ့ ညဥ့် ၁၂ နာရီခန့်က မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ မီးဖွားရမည့်အမျိုးသမီးအား တင်ဆောင်လာသည့် မောင်တောကရုဏာကွန်ရက်မှ လူနာတင်ကားသည် အလယ်သံကျော်ကျေးရွာအနီး မောရဝတီဗျူဟာစစ်ဆေးရေးဂိတ်သို့အရောက်တွင် ယင်းဂိတ်ကို အစောင့်မရှိဘဲသော့ခတ်ထား၍ အခက်တွေ့ခဲ့ရသည်ဟု အဆိုပါကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က နိရဥ္စရာအား ပြောသည်။
ယင်းသို့ ဖြတ်သန်းခွင့်မရခဲ့သည့်အတွက် ကားပေါ်ပါ မီးဖွားရမည့်အမျိုးသမီးအတွက် အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည်ဟုလည်း သူက ဆိုသည်။
“လူနာတွေမသေသင့်ဘဲ သေသွားမယ်။ မပိတ်နဲ့လို့လည်း မပြောဘူး။ ကျွန်တော်တို့ အရေးပေါ်အသင်းတွေလာတဲ့အခါ အချိန်နဲ့တပြေးညီ ဖွင့်ပေးလို့ရအောင် စီစဉ်ပေးစေချင်တယ်” ဟု ပြောသည်။
ဖြတ်သန်းခွင့်မရဘဲ ၄၅ မိနစ်ခန့်အကြာမှ အစောင့်နှစ်ဦးလာရောက်ဖွင့်ပေးခဲ့သည့်အတွက် မွေးလူနာအမျိုးသမီးမှာ ဆေးရုံသို့ ကံကောင်းထောက်မစွာရောက်ရှိခဲ့သည်ဟု ဆက်ပြောသည်။
အလားတူ ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကလည်း ၄င်းတို့ အနေဖြင့် အရေးပေါ်လူနာများအား စစ်တွေမြို့သို့ ပို့ဆောင်ရပါက စစ်တွေမြို့အဝင် ကျောက်တန်းဂိတ်တွင် အချိန်အကြာကြီးစစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သဖြင့် ဆေးရုံသို့ အချိန်မီမရောက်ခဲ့ဘဲ အသက်ဆုံးရှုံးခဲ့သည့်ဖြစ်ရပ်ကြုံခဲ့ရသလို အချို့မှာလည်း အသက်အန္တရယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ခဲ့ရသည်ဟု ပြောသည်။
“တိုက််ပွဲဖြစ်နေတဲ့ကာလတုန်းကဆိုရင် ကျောင်းဆရာလေးတစ်ယောက် မို်င်းနင်းမိလို့ စစ်တွေဆေးရုံကို ပိို့တာ ကျောက်တန်းဂိတ်မှာ ကဗျာတွေရွတ်ခိုင်းတာ။ ငါးပုဒ်တောင်။ ဆရာလေးကလည်း ဆံပင်နည်းနည်းရှည်နေတော့ AA တပ်ဖွဲ့လားဆိုပြီး သံသယနဲ့အကြာကြီးကို စစ်တော့တာ။ အခုလည်း သူတို့ စိတ်မကြည်ရင် သက်ကြီးရွယ်လူနာတင်လာလည်း စစ်တာပဲ” ဟုပြောသည်။
အဆိုပါကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်ခဲ့သည့်လူနာအချို့အား စစ်တွေဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့စဉ်ကလည်း တစ်နာရီခန့်အကြာစစ်ဆေးခဲ့သည့်အတွက် လူနာနှစ်ဦး ကားပေါ်တွင် သေဆုံးသွားခဲ့သည်ဟု ကူညီကယ်ဆယ်ပေးခဲ့သူများက ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလမတိုင်မီ ၂ နှစ်နီးပါးအထိ စစ်တပ်က မြို့နယ်အသီးသီးရှိ စစ်ဆေးရေးဂိတ်များတွင် အစစ်အဆေးတင်းကျပ်ခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
လက်ရှိ ရခိုင်တွင် တိုက်ပွဲများရပ်စဲနေသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သော်လည်း မြို့နယ်အများအပြားတွင် အရေးပေါ်လူနာတင်ယာဉ်များအနေဖြင့် အခါအားလျော်စွာ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုခံယူနေကြရဆဲဖြစ်သည်ဟု သိရသည်။
စစ်တွေရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက “သူတို့ကလည်း သူတို့တာဝန်နဲ့သူတို့လုပ်တယ်။ ကျနော်တို့ကလည်း ကိုယ့်လူနာကို ကိုယ်ဂရုစိုက်ပြီးပို့ရတယ်။ စစ်ဆေးတဲ့ချိန်ကြာရင်တော့ လူနာအတွက်စိုးရိမ်ရတာပေါ့”ဟု နိရ ဉ္စရာကိုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြောခွင့်ရသူပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်ရာ ဖုန်းမကိုင်ခဲ့ပါ။

ဆက်စပ် သတင်းများ