တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဒဏ်ရာများဖြင့်သေဆုံးသွားသည့် မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းကိစ္စ အမှုှမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် မြို့ခံများ တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.1k

အောင်လင်းထွန်း
နိရဥ္စရာ၊ ဧပြီ ၃/၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်ရှိဟိုတယ်ဇုန်အတွင်း ဒဏ်ရာများဖြင့်သေဆုံးသွားသည့်ဝန်ထမ်းကိစ္စကို အမှုမှန် အမြန်ဆုံး ဖော်ထုတ်ပေးရန် မြို့ခံများက တောင်းဆိုနေကြသည်။
မာန်အောင်မြို့မှ လူမူရေးတက်ကြွလှုပ်ရှားနေသူ ဦးသန်းနိုင်က “ကိုမင်းထက်ဝေ သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့လိုအပ်နေပါပြီ။ ဒီအမှုသာ မပေါ်ပေါက်လာဘူးဆိုရင် နောက်ထပ် မင်းထက်ဝေလိုသေဆုံးမှု အများကြီးပေါ်ပေါက်လာနိုင်ပါတယ်”ဟု ပြောကြားသည်။
မာန်အောင်ဟိုတယ်ဇုန်ဝန်ထမ်းသေဆုံးမှုနှင့်ပတ်သက်ပြီး ယနေ့ ဧပြီလ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲက မာန်အောင်မြို့၊ ရန်အောင်မြင်ရပ်ကွက်ရှိ ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
သေဆုံးသူမှာ မာန်အောင်ဟိုတယ်ဇုန်တွင် စားဖိုမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် မာန်အောင်မြို့နယ်၊ ကုန်းခင်ကျေးရွာမှ ကိုမင်းထက်ဝေ (၂၁ နှစ်)ဖြစ်သည်။
သူသည် မာန်အောင်မြို့နယ် မိန်းမကြွယ်နှင့် ကအီးရွာကြားတွင်တည်ဆောက်ထားသော ဟိုတယ်ဇုန်တွင် တာဝန်ထမ်းဆောင်နေစဉ် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂ ရက် ညဥ့် ၂ နာရီက ဟိုတယ်ဇုန်အတွင်းမှ ပျောက်ဆုံးသွားခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဇုန်အတွင်းရှိဆည်၌ ဒဏ်ရာများဖြင့်သေဆုံးနေသည့်သူ့အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သူသေဆုံးမှုသည် ရိုးရိုးသေဆုံးမှုမဟုတ်ဘဲ လူသတ်မှုသာဖြစ်နိုင်ကြောင်း သေဆုံးသူ၏ဦးလေးတော်စပ်သူ ဦးသာကြည်အောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"မင်းထက်ဝေ သေဆုံးတာဟာ ရိုးရိုးသေဆုံးတာမဖြစ်နိုင်ဘူး။ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီးလည်း ဆားချက်ရဲစခန်း၊ မြို့နယ်ရဲစခန်း၊ ခရိုင်ရဲစခန်းတွေကလည်း မိသားစုနဲ့ပူးပေါင်းဆောင်ရွက်တာမရှိဘူး" ဟု ပြောသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မာန်အောင်မြို့နယ်မှ တာဝန်ရှိသည့် အစိုးရဌာနဆိုင်ရာ အသီးသီးကိုဖိတ်ကြားထားသော်လည်း မည်သည့်အဖွဲ့အစည်းမှ ရောက်မလာခဲ့ဟုလည်း တက်ရောက်ခဲ့သူများက ပြောသည်။
ရှင်းလင်းပွဲသို့ သေဆုံးသူ၏မိသားစုဝင်များနှင့် မြို့ခံများအပါအဝင် စုစုပေါင်းအင်အား ၅၀ ကျော်တက်ရောက််ခဲ့ကြသည်။
သေဆုံးသူနှင့်အနီးစပ်ဆုံးနေထိုင်ခဲ့သည့်သံသယရှိသူ ၂ ဦးကို မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်စခန်းတွင် စစ်ဆေးခဲ့သော်လည်း အမှုမှန်မပေါ်ပေါက်သေးဟု စခန်းတာဝန်ရှိသူက နိရ ဉ္စရာကို ပြောဆိုထားသည်။
ယခုအမှုကို အမှုမှန်ဖော်ထုတ်ပေးရန် နေပြည်တော်ရှိ ရဲချုပ်နှင့်မှုခင်းဌာနထံသို့ ပြီးခဲ့သည့်မတ်လ ၂၁ ရက်တွင် မိသားစုဝင်များကိုယ်တိုင်သွားရောက်ကာ စာတင်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသေးဟု သိရသည်။
ဟိုတယ်ဝန်ထမ်းသေဆုံးခဲ့ချိန်မှစတင်ကာပိတ်ထားခဲ့ရသည့် ဟိုတယ်ဇုန်ကိုလည်း အမှုမှန်မပေါ်ပေါက်သေးဘဲ အစိုးရ၏ခွင့်ပြုချက်ဖြင့် ဧပြီလ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီဟု သိရသည်။
ဓာတ်ပုံ - အောင်လင်းထွန်း / နိရ ဉ္စရာ

ဆက်စပ် သတင်းများ