တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် ရခိုင်ရေလုပ်သား ၃ ဦး လုပ်ငန်းခွင်အတွင်း သေဆုံး၊ အသက်အာမခံတစ်ဦးကို ဘတ်တစ်သန်းကျော်ပေးအပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဧပြီ ၄/ ၂၀၂၂


ထိုင်းနိုင်ငံတောင်ပိုင်း ပါတနီမြို့၌ ငါးဖမ်းလှေတစ်စီးပေါ်တွင် လုပ်ကိုင်နေသော ရခိုင်လူမျိုး ရေလုပ်သား သုံးဦးသည် မတ် ၃၁ ရက်နေ့က ငါးဖမ်းလှေအတွင်းမှ ငါးများကို ထုတ်ယူစဉ် အောက်စီဂျင်ပြတ်၍ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။


သေဆုံးသူ သုံးဦးမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညှင်းတောင်ရွာနေ မောင်စံလှ (ခ) ငပြက်ချေ၊ ညီညီနှင့် ကျော်ဝင်းမောင်တို့ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ထုတ်ပြန်သည်။


၎င်းတို့ သုံးဦးသည် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ပါတနီမြို့ ငါးမဲလုံး ဝိုင်းလှေဖြင့် ပင်လယ်အတွင်း ၁၀ ရက်ကျော်ကြာ ငါးဖမ်းပြီးနောက် ကမ်းသို့ ကပ်ရန် လာရောက်စဉ် မတ် ၃၁ ရက် ညဘက် ၉ နာရီခန့်တွင် လှေဝမ်းထဲမှ ငါးပါကင်များကို တူးစဉ် အောက်စီဂျင်ပြတ်လတ်ပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။


လှေပေါ်ပါလာသူများ၏ ပြောကြားချက်အရ ၎င်းငါးပါကင်များကို ရေခဲနှင့် ဆားထည့်ခြင်း နည်းပါးပြီး လှေထဲတွင် ငါးပုတ်ရေများကို မဆေးကြော မစုတ်ထုတ်ရာမှ ဂတ်စ်ဖြစ်ပေါ်နေပြီး ၎င်းဂတ်စ်များကို ရှုရှိုက်ရာမှ အောက်စီဂျင် ပြတ်လပ် သေဆုံးခြင်းဖြစ်ကြောင်း ပြောကြားသည်။  


အဆိုပါ လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးမှုအကျိုးခံစားခွင့်အတွက် လူမှုဖုံလုံရေးဆိုင်ရာ (ပါကန်စမ်ခွမ်) ငွေစုရေးဌာနမှ အသက်အာမခံကြေး တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သန်း ရှစ်သောင်းခန့် ပေးအပ်သွားမည်ဖြစ်ပြီး  ကျန်ရစ်သူ မိသားစုများအနေဖြင့် ဆက်သွယ်ထုတ်ယူနိုင်ရန်  အကြောင်းထားကြောင်း သိရသည်။


မိသားစုများသည် ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန်ရက် (MWRN) ထံသို့ ဆက်သွယ် အကူ အညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ထားသည်။


၎င်းတို့ကို  ပါတနီမြို့ ဝပ်လမ်(မ်)နို့ခ် ဘုန်းကြီးကျောင်းတွင် မီးသဂြိုဟ်မည ဖြစ်ကြောင်း သိရသည်

ဆက်စပ် သတင်းများ