တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးရှိ ကျူးကျော်များအတွက် အစားထိုးပေးမည့်မြေနေရာ ရက်ပိုင်းအတွင်း ကွင်းဆင်းရွေးချယ်မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၆/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ကျူးကျော်များအား အစားထိုးပေးမည့်မြေနေရာကို ယခုရက်ပိုင်းအတွင်း ကွင်းဆင်းကာရွေးချယ်သတ်မှတ်သွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုညွှန်မှူးဦးညိုမြင့်ထွန်းက နိရဥ္စရာကို ပြောသည်။
“အမြန်ဆုံးလုပ်မှာ။ အခုရက်ပိုင်းအတွင်းကို လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။
မြောက်ဦးခရိုင်ရှိ ထွေ/အုပ်၊ ရှေး/သု၊ လယ်ယာမြေစာရင်းဦးစီးဌာနနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနများပူးပေါင်းကာ ကွင်းဆင်းစစ်ဆေးသွားမည်ဟု ဆက်ပြောသည်။
ယခုရွေးချယ်မည့်မြေနေရာသည် မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများအတွင်း ကျူးကျော်နေထိုင်သူများအနက် ရှေးဟောင်းအဆောက်အအုံကာကွယ်ထိန်းသိမ်းရေး ဥပဒေရေးဆွဲပြီးနောက် ကျူးကျော်နေသူများကိုညှိနှိုင်းဖယ်ရှားကာ အစားထိုးပေးမည့်မြေဖြစ်သည်ဟု သိရသည်။
ရှေးဟောင်းအဆောက်အအုံကာကွယ်ထိန်းသိမ်းရေး ဥပဒေမရေးဆွဲမီကပင်နေထိုင်သူများမှာ အဆောက်အအုံတိုးချဲ့တည်ဆောက်မည်ဆိုပါက ဥပဒေပါစည်းကမ်းအတိုင်းလိုက်နာကြရန် စည်းရုံးလှုံ့ဆော်သွားမည်ဟု ဦးညိုမြင့်ထွန်းက ဆက်ပြောသည်။
“ကျွန်တော်တို့စီမံကိန်းရေးဆွဲတာကို ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းဆောင်ရွက်ပေးမယ်။ မြန်မြန်တင်ပြပါလို့တောင် ညွှန်ကြားထားပါတယ်”ဟု ပြောသည်။
မြောက်ဦးရှိ ကျုံးများနှင့် ဘုရားပုထိုးစေတီများစသည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ပေ ၁၂ဝ အကွာအတွင်း နေအိမ်များ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုနေရာများကိုကွယ်ကာ အထပ်မြင့်အဆောက်အအုံများ ကျူးကျော်ဆောက်လုပ်ခြင်းများရှိနေသည်ဟု ရှေး/သုဌာနနှင့် မြို့ခံများက ပြောသည်။
မြောက်ဦးရှိ ကျူးကျော်များကို ယခုနှစ်မကုန်မီ အပြီး ဖယ်ရှားနိုင်ရေး ဧပြီလ ၄ ရက်ကကျင်းပခဲ့သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သောအစည်းအဝေးတွင် ရှေး/သုဌာနက စီမံကိန်းရေးဆွဲတင်ပြခဲ့ပြီဟုလည်း သိရသည်။
မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်က တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုမှပညာရှင်များက လာရောက်ကွင်းဆင်းလေ့လာမည်ဖြစ်သည်။
ယူနက်စကိုက ကွင်းဆင်းမလေ့လာမီ ကျူးကျော်များကို ယခုနှစ်ကုန်တွင် အပြီးဖယ်ရှားရှင်းလင်းရန်စီစဉ်ရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ