တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ဂျပန်နိုင်ငံတွင်လည်း ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

မင်းအဂ္ဂ၊ အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၁၀/၂၀၂၂
၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင်လည်း ဂျပန်ရောက်ရခိုင်များက စုပေါင်းကျင်းပခဲ့သည်ဟု သိရသည်။
ဂျပန်နိုင်ငံရောက် ရခိုင်အဖွဲ့အစည်း ၅ ခုစလုံးမှ လူပေါင်း ၂ဝဝ ခန့်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ အာကဆက္ကမြို့နယ် စတားဂိတ်ပလာဇာ၌ ယနေ့ ဧပြီလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီခွဲမှ ၆ နာရီခွဲအထိ ကျင်းပခဲ့ကြောင်း သိရသည်။
ဂျပန်ရောက် ရခိုင်အဖွဲ့အစည်းများကိုယ်စား ယာယီဥက္ကဋ္ဌ ဦးထွန်းမြခိုင်က "ပြည်သူနဲ့ တပ်တော် ပိုပြီးတစ်သားတည်းကျစေဖို့၊ ပိုပြီးရင်းရင်းနှီးနှီးနဲ့ နိုင်ငံရေးကိစ္စတွေမှာ၊ ကိုယ်တို့ဝင်ပါနိုင်တဲ့ကိစ္စတွေမှာ ဝင်ရောက်ကူညီနိုင်အောင် စီစဉ်ကျင်းပရတာဖြစ်ပါတယ်"ဟု ပြောသည်။
ရက္ခိုင့်တပ်တော်ဦးဆောင်မှုအောက်တွင် ရခိုင်ပြည်သူလူထုတစ်ရပ်လုံး တစ်သားတည်း စုစုစည်းစည်းဖြင့် လိုက်နာရန်မျှော်လင့်ပြီး ရက္ခိုင့်တပ်တော်အနေဖြင့် ဆုံးရှုံးသွားသည့် အဖရခိုင်ပြည်ကြီးကို ပြန်လည်အသက်သွင်းပေးနိုင်ရန်မျှော်လင့်ကြောင်းလည်း ဦးထွန်းမြခိုင်က ဆက်ပြောသည်။
"ကျွန်တော်တို့ရဲ့ ဆုံးရှုံးသွားတဲ့ အဖရခိုင်နိုင်ငံတော်ကြီးကို အသက်သွင်းပေးနေသလို ခံစားရတယ်။ ရက္ခိုင့်တပ်တော်ပေါ်ပေါက်လာချိန်မှာ ဂျပန်နိုင်ငံမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ဖြစ်သွားတဲ့အတွက်လည်း အရမ်းဝမ်းသာတယ်"ဟု ပြောသည်။
အဆိုပါအခမ်းအနားတွင် ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အွန်လိုင်းမှတဆင့် မိန့်ခွန်းအမှာစကားပြောကြားခဲ့ပြီး ဂျပန်ရောက်ရခိုင်များကလည်း သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းရာ ဦးခိုင်သုခက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်ဟု တက်ရောက်ခဲ့သူများက ပြောသည်။
တက်ရောက်ခဲ့သူတစ်ဦးက "ဂျပန်ရောက် ရခိုင်တွေပြုလုပ်ခဲ့ကြတဲ့ ပွဲတွေထဲမှာ ဒီပွဲက အဖွဲ့အစည်းစုံ၊ မြို့နယ်ပေါင်းစုံက အာရက္ခသားတွေ ညီညီညွတ်ညွတ် ကျင်းပခဲ့တာမို့လို့ တက်ရောက်လာတဲ့သူအားလုံး အားရကျေနပ်မှုအရှိဆုံး ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်”ဟု ပြောသည်။
ယနေ့တွင်ကျရောက်သော ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့အထိမ်းအမှတ်အခမ်းအနားများကို ရခိုင်ရှိ ရက္ခိုင့်တပ်တော်အခြေစိုက်ရာ စစ်ဒေသကြီးအားလုံးနှင့် ပြည်တွင်းပြည်ပတွင် စည်စည်ကားကား ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ