တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့တွင် စစ်သုံ့ပန်း ၃ ဦးအား AA လွှဲပြောင်းပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k


အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၁၁/၂၀၂၂
၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့တွင် မြန်မာစစ်တပ်မှ စစ်သုံ့ပန်း ၃ ဦးအား AA က ယမန်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
၄င်း စစ်သား ၃ ဦးအား ရက္ခိုင့်တပ်တော်(AA)၏ ၁၃ နှစ်မြောက်နေ့ဖြစ်သော ယမန်နေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာ၌ ရပ်မိရပ်ဖများရှေ့တွင် စစ်တပ်တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် ရွာသားတစ်ဦးက နိရ ဥ္စရာကိုပြောသည်။
“အဲဒီ ၃ ယောက်ကို ရွာက အမက စာသင်ကျောင်းထဲမှာပဲ သိမ်းထားတယ်။ စစ်ကားကို မနီးမဝေးမှာထားပြီး သုံးလေးယောက်ကတော့ ခြေလျင်လျှောက်ပြီးဆင်းလာတယ်။ သက်ဆိုင်ရာလူကြီးတွေက ထိပ်တိုက်တွေ့ကြစကားပြောကြတယ်” ဟု ပြောသည်။
သုံ့ပန်းလာရောက်လက်ခံချိန်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၆ ဦးခန့်ရောက်ရှိလာပြီး ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင် ၃၀ ခန့်ရှိခဲ့ကြောင်း သိရသည်။
သုံ့ပန်း ၃ ဦး၏ အမည်၊ ရာထူး၊ တပ်ရင်းနှင့် မည်သည့်အချိန်က ဖမ်းဆီးခံခဲ့ရသည်ကို နိရ ဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။
AA က သူတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းဦးရေ ၄ဝ ခန့်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အတွင်း AA က ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
၄င်းတို့ထဲတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ရွှေနဒီ အမြန်ယာဉ်ပေါ်မှ ဖမ်းဆီးခံရသူ ၁၄ ဦးနှင့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လက ဖြစ်ပွားခဲ့သည့် ကျောက်တော်မီးဝတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူများလည်း ပါဝင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် သုံ့ပန်း ၁၅ ဦးကို AA က လွှတ်ပေးခဲ့စဉ်။

ဆက်စပ် သတင်းများ