- Web Master
- ၁၇ ဇွန် ၂၀၂၃
နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၂
(မူးယစ်ဆေးဝါး)
ရခိုင်ပြည်နယ်မှ အမ်းမြို့နယ်နှင့် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း ဖမ်းဆီးရမိကြောင်း ဧပြီ ၁၂ ရက် ထုတ်ပြန်သည့် CCDAC MYANMAR ၏ သတင်းအရ သိရသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ) ပူးပေါင်း စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်းနှင့် ပတ်သက်ပြီး ဆက်စပ် တရားခံများကိုဖော်ထုတ်စစ်ဆေးရာမှ နောက်ထပ် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်က အမ်းမြို့နယ်၊ အမ်း(ပဲပဒုံ) ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ဖမ်းဆီးခံရသူများမှာ ဇော်မျိုးသန့်(ခ)ဖိုးထူးနှင့် သိန်းသန်းမြင့်တို့ဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် NISSAN DIESEL ၆ ဘီးယာဉ်ဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သန်းကို ယာဉ်ပေါ်ရှိ အထည်ထုပ်များအတွင်း ဖုံးအုပ်ကာ ရန်ကုန်မှ မြောက်ဦးသို့ သယ်ဆောင်လာသည်ဟု ဆိုသည်။
သတင်းကွင်းဆက်အရ ၎င်းနေ့ ည ၁၁ နာရီခွဲအချိန် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ တာဝန်ခံသယ်ဆောင်သူ ကျော်မင်းသိန်း(ခ) သိန်းရွှေ နှင့် ထက်ဝေယံ၊ လှအောင်ဇံ၊ နန်းအောင်လင်း၊ မိုးချေနှင့် မိုးကျော် တို့အား PROBOX ယာဉ်တစ်စီးနှင့်အတူ မြောက်ဦးမြို့တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဧပြီလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့ နယ်၊ အမှတ်(၄)ရပ်ကွက်၊ မြတ်လေးပတ်လမ်းရှိ ဂိုဒေါင် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သန်းနှင့် MITSUBISHI CANTER မော်တော်ယာဉ်တစ်စီးတို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၅ သန်း၏ ဒေသကာလတန်ဖိုးမှာည ငွေကျပ် ၃၂ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိသည်ဟု ၎င်းသတင်းကဆိုသည်။
သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန် တိုင်းဒေသကြီး မှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR က ဆက်လက် သတင်းဖော်ပြထားသည်။
၎င်းစိတ်ကြွဆေးပြားများမှာ ရခိုင်ပြည်နယ်ကို ကြားခံပြုလျှက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း မူးယစ်နှိမ်နှင်းသည့် ရဲအရာရှိများနှင့် လေ့လာသုံးသပ် သူများက ပြောဆိုသည်။