တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးတွင် သေနတ်သံ ၁ဝ ချက်ခန့် ထွက်ပေါ်ခဲ့၍ ဒေသခံများအကြား စိုးရိမ်ခဲ့ရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

မြထွီးသျှင်
နိရ ဉ္စရာ၊ မေ ၅/၂၀၂၂
စစ်ရေးအသံများမကြားရဘဲ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပန်းစျေးမြောင်းဘက်တွင် ယမန်နေ့ညက သေနတ်သံ ၁ဝ ချက်ခန့် ထွက်ပေါ်ခဲ့၍ ဒေသခံများအကြား စိုးရိမ်ခဲ့ရသည်ဟု သိရသည်။
အဆိုပါသေနတ်သံများသည် ယမန်နေ့ မေလ ၄ ရက် ည ၉ နာရီခန့်က ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပန်းစျေးမြောင်းဘက်တွင် ငါးရှာ၊ ဖားရှာထွက်သူများကို ပန်းစျေးမြောင်းတစ်ဘက်ကမ်းရှိ ငွေခေါင်းပေါက်(ခေါ်) ငွေတောင်ပေါက်တောင်၌ စခန်းချထားသည့် အမှတ် (၃၁)ရဲတပ်ရင်း၏ ကင်းစခန်းက လှမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပန်းစျေးမြောင်းနယ်တွင် စိုက်ခင်းလုပ်နေသည့် ဒေသခံတစ်ဦးက "သူတို့ဘက်ကတော့ ခြောက်လှန့်ပြီး ပစ်တဲ့သဘောလောက်ရှိမယ်။ မနေ့ကဆိုရင် မိုးနည်းနည်းရွာခဲ့တဲ့အတွက် ငါးတွေရလိုရငြားနဲ့ ရှာဖို့သွားကြတာပေါ့လေ။ အရင်လည်း အပျော်သဘောနဲ့ ရှာဖို့သွားနေကြတာပါပဲ။ ဒီဘက်ကို မှီခိုပြီးစားနေကြရတဲ့သူတွေက များပါတယ်။ ငါးတွေ၊ ဟင်းတွေဆိုရင်လည်း ဒီက ရှာစားကြရတာ" ဟု နိရ ဉ္စရာသို့ပြောသည်။
သေနတ်သံများထွက်ပေါ်ခဲ့သည့် ပန်းစျေးမြောင်းသည် မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ယင်းနေရာတွင် လူနေအိမ်များထက် များသောအားဖြင့် လယ်ယာလုပ်ငန်းနှင့် စိုက်ခင်းလုပ်ငန်းများကို လုပ်ကိုင်သူများသာ နေထိုင်ကြကြောင်း သိရသည်။
လက်ရှိရခိုင်ပြည်နယ်တွင် စစ်ရေးအရတည်ငြိမ်နေသည့်အချိန်၌ ယခုကဲ့သို့သေနတ်သံများထွက်ပေါ်ခဲ့သည့်အပေါ်တွင် စိုးရိမ်မှုရှိကြောင်း ပန်းစျေးမြောင်း ဒေသခံတစ်ဦးက နိရ ဉ္စရာသို့ပြောသည်။
"စိုးတော့စိုးရိမ်တယ်ပေါ့နော်။ ဘယ်လိုဆိုရမလဲ။ အခုလို ငြိမ်သက်နေတာကို မလိုအပ်ဘဲနဲ့ ဒေသခံတွေ အသက်သေဆုံးသွားမှာကို နှမြောမိတယ်"ဟု ပြောသည်။
ယခုဖြစ်စဉ်ကြောင့် လူတစ်စုံတစ်ရာထိခိုက်ပျောက်ဆုံးမှုမရှိခဲ့သော်လည်း ဒေသခံများအကြား စိုးရိမ်ကြောင့်ကြမှုများဖြစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးလှသိန်းတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်ကို ထပ်မံဆက်သွယ်ခဲ့သော်လည်း မအားလပ်သေးဟု ပြောသည်။
၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလအစောပိုင်းမှစတင်၍ တိုက်ပွဲများ ရပ်တန့်နေခဲ့သည်။
ယင်းနောက် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် တမန်းသားကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာအနီး AA နှင့် စစ်တပ်တို့ မိနစ်အနည်းငယ်အကြာ ထိတွေ့ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ