- Web Master
- ၂၈ ဇူလိုင် ၂၀၂၃
သဥ္ဇာနွယ်
နိရဥ္စရာ ၊ မေ ၆ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရသည့် မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရခိုင်လူမျိုး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ရန်စီစဥ်နေသည်ဟု သိရသည်။
၎င်းတို့ နှစ်ဦးမှာ စစ်တွေမြို့တွင်
မေလ ၄ ရက်နေ့ကအဖမ်းခံရသော ဘောဒူဖကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီးလ်နှင့် ကြက်ကိုင်းတန်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ဖြစ်ကြသည်။
သူတို့ နှစ်ဦးကို စစ်တွေအမှတ်(၁) ရဲစခန်းတွင်အမှုဖွင့်ရန် စီစဥ်နေသည်ဟု မနေ့က ဖမ်းဆီးခံရရာမှလွတ်လာသူ အမည်မဖော်လိုသည့် မူဆလင်တစ်ဦးက နိရဉ္စရာသတင်းဌာကိုပြောသည်။
" အဖမ်းခံရတဲ့ လူတွေအားလုံးထဲမှာ ၅ ယောက်က ပြန်လွတ်လာလို့
ကျန်တဲ့ ၂ ယောက်က ဘာလို့ မလွတ်တာလဲမေးကြည့်တော့ AAကိုထောက်ပံ့လို့အမှုဖွင့်ဖို့လုပ်နေတာလို့
ရဲစခန်းကရဲအရာရှိ တစ်ယောက်က ပြောတယ်" ဟု ၎င်းက ပြောသည်။
ထိုသို့ အမှုဖွင့်မည်ကို စစ်တွေမြို့မရဲစခန်း အမှတ် ၁ စခန်း တာဝန်ရှိသူ တစ်ဦးကို နိရဉ္စရာသတင်းဌာနမှ သွားရောက်မေးမြန်းရာ အမှုဖွင့်ရန် စီစဉ်နေသည်ဟု အတည်ပြုပြောဆိုသည်။
“ အုပ်ချုပ်ရေးမှူး ၂ ဦးကို ရဲစခန်းတွင်အမှုဖွင့်ရန်စီစဥ်ထားပါတယ်။ ဘာအမှုနဲ့ အမှုဖွင့်မှာကိုတော့ လောလောဆယ် အတိကျမသိရသေးဘူး” ဟု ပြောဆိုသည်။
မနေ့ကလည်း AA ကို အမဲသားများ သွားရောက် ရောင်းချသည်ဟုဆိုကာ မေလ ၃ ရက်နေ့က ဖမ်းဆီးသွားသည့်
မူဆလင်ရွာသား ၅ ဦးကို ခံဝန်ဖြင့် စစ်တပ်မှ မနေ့က ပြန်လွှတ်ပေးခဲ့သည်။
၎င်းတို့မှာ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ) ဦးမောင်ဘ၊ သက္ကယ်ပြင် ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ) စောနီတို့ဖြစ်ကြသည်။