တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေ ဦးဥတ္တမပန်းခြံတွင်သေဆုံးနေသည့်ရုပ်အလောင်းတွေ့ရှိ၊ သေဆုံးနေသည့် ရုပ်အလောင်းများစစ်တွေတွင်မကြာခဏတွေ့ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဉ္စရာ၊ မေလ ၁၃/ ၂၀၂၂
ရခိုင်ပြည်နယ်မြို့တော်၊ စစ်တွေဦးဥတ္တမပန်းခြံအတွင်း ခုံတန်းပေါ်တွင် လူတစ်ဦးသေဆုံးလျှက် တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။
၎င်းရုပ်အလောင်းကိုမေလ ၁၂ရက် ညနေပိုင်းအချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး သေဆုံးနေသူမှာ အသက် ၅၀အရွယ်ရှိကာ ပန်းခြံထဲရှိခုံတန်းရှည်ပေါ်တွင် သေဆုံးနေခြင်းဖြစ်ကြောင်း၊ ၎င်းမှာဆေးရုံ အနီးဝန်းကျင်၌ တောင်းစားနေသူတစ်ဦးဖြစ်သည်ဟုသိရကြောင်း ရွှေရောင် မေတ္တာဖောင်ဒေးရှင်မှ ကိုသာဂီလင်းကပြောသည်။
"သူကခုံမှာထိုင်နေရင်း လှဲကျသွားတဲ့သဘော။ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ တွေလည်းမတွေ့ရဘူး။ သူက ခန္ဓာအရမ်းပန်တယ်။ အားမရှိခွန်မရှိဘူး။ ဘယ်လိုဖြစ်ပြီးသေသွားလည်းဆိုတာကိုတော့ ကျွန်တော်တို့အတည်ပြုလို့ မရဘူး။ သေဆုံးနေတာကိုတွေ့တော့ ဆေးရုံကို ပို့ပြီး ချက်ချင်း သဂြိုလ် လိုက်ရတယ် "ဟု ပြောသည်။
သေဆုံးသူ၏ အမည်နှင့် နေရပ်လိပ်စာမူ မသိရှိဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၇ရက်နေ့တွင်လည်း ဒေသခံပြည်သူများ အမြဲတမ်း လာရောက်အပန်းဖြေနေကြ သည့် စစ်တွေ ရှုခင်းသာ လမ်းဘေးရှိ သက်ကြီး နားနေဆောင်အနီး မြက်တောတွင် ပုတ်ပွနေသည့် အမျိုးသားအလောင်း တစ်လောင်းကို တွေ့ရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင်လည်း ပွိုင့်ကမ်းခြေအနီးရှိ အုန်းတောတွင် ပုတ်ပွကာ သေဆုံးလျှက်ရှိနေသည့် အမျိုးသမီးအလောင်း တစ်လောင်းကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။
ယခုလို အများပြည်သူများ လာရောက်အပန်းဖြေနေကြသည့် နေရာများတွင် မကောင်းမှု ဒုစရိုက်လုပ်ငန်းများကို လွယ်လွယ်ကူကူ မပြုလုပ်နိုင်အောင် ထူထပ်နေသောတောများ၊ ကိုင်းပင်များကို ရှင်းလင်းပေးစေချင်သည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ဥက္ကဌကိုလင်းလင်းက ပြောသည်။
"အခုက အပန်းဖြေတဲ့နေရာလို့ ပြောကြတယ်။ ဒါပေမဲ့ သန့်သန်းရှင်းရှင်း မရှိဘူး။ တောထူနေတယ်။ အပင်တွေက အမြင့်ကြီးဖြစ်နေတယ်။ လူတွေအလွယ်တကူနဲ့ မမြင်နိုင်တဲ့နေရာဖြစ်နတယ်။ လူသေနေတာကို လေးငါးရက်ကြာမှ တွေ့ရတယ်။ ဒီမျိုး ဒုစရိုက်မှုတွေ ထပ်မဖြစ်အောင် ထူထပ်နေတဲ့ ကိုင်းတောတွေ၊ သစ်ပင်တွေရဲ့ အကိုင်းအခက်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ လိုနေပါတယ် "ဟု ပြောသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ယခင်ကလည်း ဆတ်ရိုးကျအပါအဝင် နေရာတချို့တွင် အမည်မသိ လူသေအလောင်းများတွေ့ရှိခဲ့သော်လည်း သေဆုံးရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့အာဏာပိုင်များက ဖော်ထုတ်နိုင်ခြင်းက မရှိသလောက် နည်းပါးကြောင်း ဒေသခံများက ပြောကြားသည်။ (NN-11)

ဆက်စပ် သတင်းများ