တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

NUG က ရခိုင်အမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာတွင် စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ထိခိုက်နစ်မှုများဖြစ်ခဲ့ရသော ရခိုင်လူထုအပေါ် ကိုယ်ချင်းစာကြောင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k


နိရဉ္စရာ၊ မေလ ၁၅ /၂၀၂၂
လွန်ခဲ့သောနှစ်များအတွင်း ရခိုင်ပြည်အပါအဝင် နယ်နိမိတ်ချင်း ထိစပ်သည့် နယ်မြေဒေသများအတွင်း စစ်ရေး၊ နိုင်ငံရေးပဋိပက္ခများကြောင့် ပြည်သူလူထု နည်းမျိုးစုံဖြင့်ထိခိုက်နာကျင်ခဲ့ရမှုများအတွက် များစွာ ကိုယ်ချင်းစာနာပြီး၊ ပျက်ကွက်မှုများစွာ ဖြစ်ပေါ်ခဲ့ခြင်းအတွက်လည်း အလွန်ပင် စိတ်မကောင်း ဖြစ်ရပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ဖော် ပြောဆိုသည်။
ယနေ့ မေ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၉)ကြိမ်မြောက် ရခိုင် အမျိုးသားနေ့သို့ NUGမှ ပေးပို့သည့် သဝဏ်လွှာတွင် ထိုသို့ ရေးသား ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းအပြင် မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်ရှိ ပြည်သူလူထု၏ ထိခိုက်နာကျင် ခံစားခဲ့ရမှုများအတွက် တရားမျှတမှုရှိစွာ ပြန်လည် ကုစား ဖြည့်ဆည်း ပေးနိုင်ရန် နှင့် မိမိတို့၏ရပိုင်ခွင့်များရရှိစေရန် သက်ဆိုင်သူ အဖွဲ့အစည်း အားလုံးနှင့် အတူတကွ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင်ဖော်ပြ ထားသည်။
ယနေ့ကျရောက်သည့် ၉ ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ အချိန်အခါ သမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ ရောက်ရှိနေထိုင်နေကြသော ရခိုင်အမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ လုံခြုံ၍ဘေးရန် အပေါင်းမှကင်းကွာ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်းဖော်ပြထားသည်။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသူတိုင်းရင်းသားလူမျိုးများအားလုံးသည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံကို အသစ်တဖန်ပြန်လည် တည်ဆောက်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေချိန် လည်းဖြစ်သည်။ ထိုအချိန်တွင် ရခိုင်အမျိုးသမီး၊ အမျိုးသားများ၏ ပြည့်ဝသောပါဝင်မှုနှင့် အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ဖော်ပြလိုသည်။
အလားတူ ယနေ့ကျရောက်သည့် ၉ ကြိမ်မြောက် “ရက္ခိုင်အမျိုးသားနိ” (ရခိုင်အမျိုးသားနေ့) မှစ၍ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှချုပ်ငြိမ်းရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ကြိုးစားဆောင်ရွက်မှုများ လျင်မြန်စွာပြီးမြောက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်ဟုလည်း ရေးသားထားသည်။ (NN-11)

ဆက်စပ် သတင်းများ