တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် အရပ်သား၂ ဦးမြေမြုပ်မိုင်းနင်းမိ၍သေဆုံးမှုအပေါ် AA မှ သဘောထားထုတ်ပြန်၊ မြန်မာစစ်တပ်နှင့် AA တို့အကြား နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားရှိကြောင်းဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9.1k

နိရဉ္စရာ၊ မေ ၁၅/၂၀၂၂
ရခိုင်တွင် မြေမြုပ်မိုင်းနင်းမိ၍ အရပ်သား နှစ်ဦးသေဆုံးပြီးနောက် ရက္ခိုင့်တပ်တော် (AA)၏ သတင်းနှင့် ပြန်ကြားရေးရေးမှ ယနေ့ မေ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်သည့်အနေအထားရှိကြောင်းဖော်ပြသည်။
“ မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ် ရေးတင်းမာမှု ဆက်လက် မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီး ဖြစ်ကြောင်း၊ သို့အတွက် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည့် အနေအထားကို တွေ့ရှိနေရကြောင်း” AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သို့အတွက် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာစစ်တပ် သွားလာ လှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ကြပါရန် သတိ ပေးအပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင် ဒေသတွင် မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့က မိုင်းပေါက်၍ အရပ်သား ၂ ဦးသေဆုံးခဲ့ရသည်။ ၎င်းမိုင်းများမှာ ရက္ခိုင်ဒေသတိုက်ပွဲများကာလအတွင်း၌ မြန်မာစစ်တပ်မှထောင်ထားခဲ့သော မြေမြှုပ်မိုင်းများဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာစစ်တပ်သည် ရက္ခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရက္ခိုင်-မူဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိကြောင်း၊ ၎င်းအပြင် မြန်မာစစ်တပ် နှင့် ရက္ခိုင့်တပ်တော်တို့၏ နှစ်ဖက်စစ် ရေးတင်းမာမှု ဆက်လက်မြင့်တက်လျက်ရှိနေသည်မှာ ကာလအတန်ကြာခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်ပြည်နယ် တွင် မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့များက မြေမြုပ်မိုင်း ပေါက်ကွဲ၍ အရပ်သား ၂ ဦး သေဆုံးခဲ့သည်။
ယနေ့ မေ ၁၅ ရက်နေ့တွင် သေဆုံးသူမှာ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ အရပ်သား ပြည်သူတစ်ဦး ဖြစ်သူ အသက် (၆၇) အရွယ် ဦးအောင်သာထွန်းဖြစ်ပြီး ၎င်းသည် ပန်းမြောင်းမှ (၄) မိုင်ခန့်ကွာဝေးသော သူ၏ လယ်ကွင်းအနီးရှိ တောစပ်တွင် မြန်မာစစ်တပ်ဖက်မှ တိုက်ပွဲကာလများ အတွင်း ထောင်ထားခဲ့သော စွန့်လွှတ်မိုင်း ( သို့မဟုတ်) မြေမြှုပ်မိုင်းနင်းမိ၍ အသက် သေဆုံးခဲ့ရသည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းပြင် မေ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ဒါးလက်မြောက်ကျေးရွာမှ သီဟိုဠ်သရက်ခင်းအတွင်း မြန်မာစစ်တပ်ထောင်ထားခဲ့သော စွန့်လွှတ်မိုင်း (သို့မဟုတ်) မြေမြှုပ်မိုင်း နင်းမိ၍ ဦးသန်းမင်းနိုင် (အသက် ၃၀ နှစ်) သည်လည်း အသက်သေဆုံးခဲ့ရသည်ဟု AA က ပြောဆိုသည်။
၎င်းမိုင်းနင်းမိသော နေရာမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ အထိ တိုက်ပွဲများကာလအတွင်း မြန်မာစစ်တပ်၏ တပ်မ (၆၆) မှ စခန်းချနေထိုင်ခဲ့သည့် နေရာဖြစ်သည်ဟုဆိုသည်။
မေလ (၁၁) ရက်နေ့တွင်လည်း ကျောက်တော်အခြေစိုက် မြန်မာစစ်တပ်၏ ခမရ (၃၇၅) တပ်ရင်းထဲမှ တပ်စခန်း ပတ်လည်အနီး ထောင်ထားသော မိုင်းများပေါက်ကွဲပြီး ထိတ်လန့်မှုကြောင့် ခမရ (၃၇၅) အတွင်းမှ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုအချို့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ