တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြန်မာစစ်တပ်က တောင်ကုတ် တန်းလွဲရွာမမြို့တွင် ULA/AAအဖွဲ့ဝင်များရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ တန်းလွဲရွာမမြို့တွင် ULA/AA အဖွဲ့ဝင်များရှိသည်ဟုဆိုကာ မေလ ၁၆ရက် နံနက် ၈နာရီခန့်မှစ၍ အင်အား ၅၀ခန့်ရှိသည့် စစ်ကောင်စီတပ်သားများသည် လမ်းသွား လမ်းလာများကို စစ်ဆေးမေးမြန်းမှုများရှိနေသည်ဟု ဒေသခံများကပြောသည်။
ယမန်နေ့မှ စတင်သည့် စစ်ဆေးမေးမြန်းမှုမှာ ယနေ့အချိန်ထိ ရှိနေသည့် အတွက် ဒေသခံများအနေဖြင့် ကြောက်လန့် နေကြရသည်ဟုဆိုသည်။
စစ်သားများသည် ရွာမမြို့ အနီးအနားရှိ ကျေးရွာများသို့ဝင်ကာလည်း တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေကြသသည်ဟု စစ်ဆေးခံခဲ့ရသည့် တန်းလွဲရွာမမြို့ခံတစ်ဦးက ပြောသည်။
"စစ်သားတွေက ခင်ဗျာတို့ရွာမှာ ULA/AAအဖွဲ့ဝင် တွေ ဘယ်နားမှာနေကြလဲ။ အင်အားဘယ် လောက်ရှိလည်းလို့ မေးပါတယ်။ ကျွန်တော်က မသိတော့ မသိဘူးလို့ပြောလိုက်ပါတယ်။ မြို့ကိုလည်း ကင်းလှည့်နေကြပါတယ်။ ညဉ့်နက်တဲ့ အထိ မအိပ်ဘဲကင်းလှည့်နေပါတယ်"ဟု ပြောသည်။
အဆိုပါမြန်မာစစ်သားများမှာ တောင်ကုတ်မြို့ရှိ တပ်ရင်း (၅၄၄)မှဖြစ်ကြပြီး လက်ရှိအချိန်တွင် တင်းလွဲရွာမမြို့ ရဲစခန်းတွင် နေထိုင်ကြသည်ဟု သိရသည်။
"သူတို့ကလက်နက်အပြည့်အစုံနဲ့ပါ။ ကား၂စီးနဲ့ ရောက်လာကြတာ။ ဘယ်အချိန်ပြန်ထွက်မလဲမသိဘူး။ စစ်သားတွေရှိနေတော့ ကြောက်နေရပါတယ်"ဟု အထက်ပါဒေသခံကဆိုသည်။
ပြီးခဲ့သည့် မေလ ၇ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ရွာသားတစ် ချို့ကို ULA/AAနှင့် ဆက်စပ်နေသည်ဟုဆိုကာ မြန်မာစစ်တပ်က လိုက်လံရှာဖွေခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ဆေးနေမှုများနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိပါ။ ( NN-11)
(ဓာတ်ပုံ-တင်းလွဲရွာမမြို့ ကျန်းမာရှင်သန်ရေးကူညီမှုအသင်း)

ဆက်စပ် သတင်းများ