တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ရန်နှင့် ဂွမြို့နယ်ရွှေရတီ ကမ်းခြေစီမံကိန်းကမြေများကို မဝယ်ကြရန် AA အဆင့်မြင့် ခေါင်းဆောင်တစ်ဦးသတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k

နိရဉ္စရာ၊ မေ ၁၉/၂၀၂၂
စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ရန်နှင့် ဂွမြို့နယ် ရွှေရတီ ကမ်းခြေစီမံကိန်းက မြေများ၊ နေအိမ်များကို မဝယ်ကြရန် AA အဆင့်မြင့် ခေါင်ဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးအေးထွန်း(ခေါ်) ထွန်းမင်းနိုင်က သူ၏ ဆိုရှယ် လူမှုကွန်ယက်စာမျက်နာမှတဆင့် သတိပေးမှုပြုလုပ်ထားသည်။
မေလ (၁၇) ရက်နေ့က ရေးသားထားသည်မှာ ရခိုင်ပြည်၊ ဂွမြု့နယ် ရွှေရတီကမ်းခြေမှာ ဆောက်လုပ်ပြီး ရောင်းချဖို့စီစဉ်နေသည့် နေအိမ်များမှာ နဝတ၊ နအဖ လက်ထက်နှင့် ဒီမိုကရေစီတစ်ပိုင်းတစ်စ အစိုးရ လက်ထက်များတွင် လုယူထားသည့် မြေများဖြစ်ကြောင်း၊ တိုင်းပြည်ကို လက်လွှတ်ရမည့်အချိန်၊ ရက္ခိုင်ဒေသမတည်ငြိမ်လို့ ဆုတ်ခွာခါနီးတွင် ရိုက်ဖဲ့ရောင်းနေကြခြင်းဖြစ်ကြောင်းရေးသားထားသည်။
၎င်းပြင် ULA/AA အစိုးရတွင်လည်း ရက္ခိုင်လူမျိုးတွေပိုင်ဆိုင်ခဲ့သည့် မြေများ အသိမ်း ခံထားရသည်ကို ပြည်သူတွေကို စိစစ်ပြီး ပြန်ပေးဖို့တာဝန်ရှိကြောင်း ၎င်းကဆိုသည်။
ရွှေရတီကမ်းခြေ မြို့သစ်စီမံကိန်းကို ဂွမြို့နယ်တွင် အကောင်အထည် ဖော်နေပြီး ဇုန် A တစ်ခုတည်းမှာ ၁၄ ဧက ကျယ်ဝန်းကြောင်း၊ ဇုန် C ဧရိယာမှာ အကျယ်ဆုံးဖြစ်ပြီး ဧကပေါင်း (၃၀) ကျော် ကျယ်ဝန်းကြောင်း၊ ၎င်းမြို့သစ်စီမံကိန်းတွင် ဟိုတယ်၊ ရေကူးကန်၊ အားကစားရုံ၊ စားသောက်ဆိုင်နှင့် စာကြည့်တိုက်အပါအဝင် တခြားအပန်းဖြေစရာများနှင့် အားကစားခန်းမများ ပါဝင်ကြောင်း ကုမ္ပဏီကြော်ငြာ၌ ဖော်ပြထားသည်။
မြေကွက်များကို ဇုန်အလိုက် ခွဲခြားသတ်မှတ်ရောင်းချမည်ဖြစ်ပြီး ကျပ် သိန်း ၂၆၀ မှ ကျပ်သိန်း ၁၆၀၀ ထိရှိကြောင်း သိရသည်။
၎င်းမြေများမှာ “ ရက္ခိုင်လူမျိုးတွေ ပိုင်တဲ့မြေကို သူတို့ မတရားသိမ်းပစ်ထားတဲ့ မြေဆိုတာ မမေ့ပါနဲ့” ဟု ၎င်းက ရေးသားထားသည်။
ရက္ခိုင်ကမ်းခြေ မြေပြင်ကျယ်ကြီးများကို အာဏာရှိသူများနှင့် လက်ဝါးရိုက် ဝယ်ထားသည့် မြေများဖြစ်ပြီး ၎င်းမြေများကို ဖဲ့ရောင်းနေတာလား ဆိုသည်ကို စုံစမ်းကြည့်စမ်းပါဦးဟုလည်း ရေးသားထားသည်။
“ ဗမာပြည်သူတွေ နိုင်ငံရေး သတိရှိကြပါ။ အခု ULA/AA အစိုးရ အင်အား ကြီးလာချိန်မှာ လက်ဝါးကြီးအုပ်ထားသည့် မြေတွေရှုံးမှာ ကြောက်တဲ့အတွက် အကွက်ရိုက်ပြီး ရောင်းချနေကာ သာမန် ဗမာပြည်သူတွေ အလုပ်ကြိုး စားရင်း စုဆောင်းမိတဲ့ ငွေတွေကို ခရိုနီကြီးတွေ မျက်စိကျနေပြီး ရရင်ရသလို လိမ်ညာ၊ ခြိမ်းခြောက်၊ ဂုတ်သွေး စုတ်မှာ စစ်တပ်လက်ထက် ဦးပိုင်သိမ်းထားတဲ့ မြေတွေကို ထုတ်ရောင်းနေကြတယ်။ ဗမာပြည်သူတွေ မဝယ်ကြ ပါနဲ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ရင် ခင်များတို့ စုမိဆောင်းမိငွေတွေ ဆုံးရှုံးသွားမှာ ကျွန်တော်တို့ မလိုလားလိုပါ” ဟုလည်း ရေးသားထားသည်။
ဗိုလ်မှူးအေးထွန်း(ခေါ်)ထွန်းမင်းနိုင်က သူ၏ ဖေ့စ်ဘွတ်စ် လူမှုကွန်ယက် စာမျက်နာမှ တဆင့် မေလ ၁၇ ရက်က ရခိုင်ဘာသာစကားဖြင့် ရေးသားထားရာတွင်လည်း စစ်ကောင်စီတပ်၏ စီးပွားရေးလုပ်ငန်းပိုင် ဦးပိုင်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ရခိုင်ပြည်သူများ မသုံးစွဲကြရန် တိုက်တွန်း ထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်ထဲက ကုန်စည်စီးဆင်းမှုများကို အနှောင့်အယှက်ပေးပြီး ရခိုင် ပြည်သူလူထု အငတ်ဘေးဆိုက်အောင် အနုနည်းဖြင့် ပြုလုပ်နေသည့်အတွက် စစ်ကောင်စီ ထုတ်ကုန်များကို မသုံးစွဲရန် ၎င်းက တိုက်တွန်းထားခြင်းဖြစ်သည်။
“ ရက္ခိုင်ပြည်သူတွေကလည်း ဦးပိုင်ထုတ်ပစ္စည်းများကိုလုံးဝမသုံးစွဲကြဖို့ တာဝန်ရှိတယ်။ ရက္ခိုင်ပြည် သူတွေကို ထမင်းငတ်အောင်၊ ဒုက္ခ ရောက်အောင် လုပ်တဲ့သူတွေကို တန်ပြန်လုပ်ရမယ့် တာဝန်ရှိတယ်။ ဦးပိုင်ထုတ်ကုန်တွေကို လုံးဝမသုံးကြပါနဲ့” ဟု ဗိုလ်မှူးအေးထွန်းက ရေးသားထားသည်။
Mytel မသုံးစွဲရန်၊ အရက်၊ ဘီယာတို့ အပါအဝင် ဦးပိုင်ထုတ်ကုန်များကို မသုံးစွဲရန်ပြောဆိုထားခြင်း ဖြစ်ပြီး အခြား မသိရသေးသောထုတ်ကုန်များနှင့် ပတ်သက်ပြီး ဗမာပြည်သူများထံ စုံစမ်း မေးမြန်းရန်လည်း ၎င်းက အကြံ ပြုထားသည်။
ဗိုလ်မှူးအေးထွန်း(ခေါ်)ထွန်းမင်းနိုင်သည် ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အစ်ကိုတော်စပ်သူလည်း ဖြစ်သည်။ (NN-12)

ဆက်စပ် သတင်းများ