တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်ပစ်မည့် မြန်မာစစ်တပ်၏အစီအစဉ်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းဖော်ပြခဲ့ဟု AA တုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ မေ ၂၀/၂၀၂၂

 

ယမန်နေ့ မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ရခိုင်ပြည်သူ လူထုနှင့်ပတ်သက်ပြီး ပြောခဲ့သည့်စကားမှာ ရခိုင်ပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်ပစ်မည့် မြန်မာစစ်တပ်၏ အစီအစဉ်ကို ဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။

 

"မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့စကားတွေကို ခြုံပြီး သုံးသပ် ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်တယ်ဗျ။ ဘာကြောင့်လဲဆိုလို့ရှိရင် တစ်ခုခု ဖြစ်လာလို့ ရှိရင်တော့ မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ဆိုတဲ့စကားကို တွေ့တယ်။ ဒီဟာကတော့ ပြည်သူတွေကို တိုက်ရိုက် ခြိမ်းခြောက်တာဖြစ်သလို တစ်ခုခု ဖြစ်လာလို့ရှိရင်တော့ ပြည်သူတွေကို လူမျိုးတုန်း သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးဖော်ပြနေတာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ အဲ့လိုပဲ သုံးသပ်တယ်"ဟု ပြောသည်။

 

ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA)၏ လုပ်ရပ်များသည် တိုက်ပွဲကို ဖော်ဆောင်နေကာ ရခိုင်ပြည်သူလူထုဒုက္ခမရောက်စေလို၍ မြန်မာစစ်တပ်အနေနှင့် ထိန်းသိမ်းနေခြင်းဟု ပြောဆိုခဲ့သည်။

 

"ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာ၊ ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာ ဖြစ်ပါတယ်။ ထပ်ပြောပါမယ် ရခိုင်ပြည်သူလူထု ဒုက္ခမ ရောက်စေချင်လို့ ထိန်းသိမ်းနေတာဖြစ်ပါတယ်။ စိတ်ရှည် သည်းခံပြီးတော့ ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးအတွက် ကျ နော်တို့လုပ်နေတာဖြစ်ပါတယ်။ အဲဒီအတွက် အခုဖြစ်နေတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့"ဟု ပြောဆိုခဲ့သည်။

ဆက်စပ် သတင်းများ