တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ရေးတင်းမာလာရခြင်းမှာ မြန်မာစစ်တပ်၏လုပ်ရပ်ကြောင့်ဟု AA တုံ့ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ ၊ မေ ၂၁/၂၀၂၂
ရခိုင်တွင် စစ်ရေးတင်းမာလာခြင်းမှာ စစ်တပ်၏ လုပ်ရပ်များကြောင့်သာ ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။
မေလ ၁၉ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း AA ၏ လုပ်ဆောင် ချက်များသည် စစ်ပွဲအသွင်ကိုဆောင်နေပြီး ရခိုင်တွင် ပြဿနာဖြစ်ပွားလာပါက "အဆိုးမဆိုနဲ့"ဟု ပြောဆိုခဲ့ခြင်းအပေါ် ဦးခိုင်သုခက တုံ့ပြန်ပြောဆို လိုက်ခြင်းဖြစ်သည်။
"စစ်ရေးတင်းမာနေတာက မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေကြောင့်ဖြစ်တယ်။ အခု ရခိုင်ပြည်ထဲ တိုက်ပွဲမဖြစ်ဘူးဆိုပေမယ့် မြန်မာစစ်တပ်ဘက်က စစ်ပွဲ ကာလကထက် ပိုပြီးတော့တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေလုပ်ပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို အငတ်ဘေးဆိုက်အောင် ဒုက္ခမျိုးစုံဖြစ်အောင် မြန်မာစစ်တပ်ဘက်က လုပ်နေတာတွေရှိတယ်"ဟု ဦးခိုင်သုခက ပြောသည်။
စစ်အင်အားတိုးချမှု၊ လုံခြုံရေးတင်းကျပ်မှု နှင့် ကုန်စည်စီးဆင်းမှုကို အကြောင်းပြချက် မျိုးစုံနှင့်ကန့်သက်ပိတ်ဆို့မှုများလုပ်ဆောင်လာပြီး ယင်းလုပ်ဆောင်ချက်များသည် ရခိုင်ပြည်သူများကို အငတ်ဘေးဆိုက်အောင်၊ အကျပ်အတည်းမျိုးစုံဖြစ်အောင် စစ်တပ်က လုပ်ဆောင်နေခြင်းဖြစ်သည့် အတွက် နှစ်ဘက်စစ်ရေး တင်းမာလာရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောသည်။
"တစ်ဖက်မှာ နေပြည်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး အော်နေပေမယ့် နောက်တစ်ဖက်မှာ သူ့ရဲ့ စစ်တိုင်းမှူးတွေက ရခိုင်ဒေသမှာ ပြည်သူတွေ အကျပ်အတည်းဖြစ်အောင်၊ ကျွန်တော်တို့နဲ့ ထိပ်တိုက်တိုးမှုတွေ ဖြစ်လာအောင် သူတို့ဘက်က တောက်လျှောက်လုပ်ဆောင်နေတာ တွေ့ရတယ်"ဟု ပြောသည်။
စစ်ကောင်စီ၏အပြောထက် လုပ်ဆောင်ချက်ကိုမြင်အောင်ကြည့်ရန်လိုပြီး ရက္ခိုင့်တပ်တော်အနေနှင့် လက်တွေ့ကျကျ လိုအပ်ရင်လိုအပ်သလို လုပ်ဆောင် သွားမည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
"ကျွန်တော်တို့ ULA/AA အနေနဲ့ မြန်မာစစ်တပ်ဘက်က ဘာပြောနေတယ် ဆိုတာထက် ဘာလုပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပြီး လက်တွေ့ ကျကျအလုပ်လုပ်သွားမှာဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အနေအထားကိုကြည့်ပြီး လိုအပ်ရင် လိုအပ်သလို တုံ့ပြန် လုပ်ဆောင် သွားမှာဖြစ်တယ်။ အခုလက်ရှိအခြေအနေကတော့ အကောင်းဘက်ကို ဦးတည်တာထက် အဆိုးဘက်ကို ပိုရွေ့နေတယ်လို့ ပြောလို့ရပါတယ်"ဟု ပြောသည်။ (NN-7)
( ရက္ခိုင့်တပ်တော် (AA )၏ ၁၃ နှစ်မြောက်တပ်တော်နေ့ အခမ်းအနားအားတွေ့ရစဉ်)

ဆက်စပ် သတင်းများ