တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်နေပြီဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

နိရဉ္စရာ၊ မေ ၂၆/၂၀၂၂
ချင်းပြည်နယ်၊ပလက်မြို့နယ်နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာ အနီးတွင် ယနေ့ မေလ ၂၆ရက် နံနက် ၁၀နာရီကနေ ရက္ခိုင့်တပ်တော် ( AA) နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲစတင် ဖြစ်ပွားနေသည်ဟု ဒေသခံများက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
တိုက်ပွဲဖြစ်နေချိန်အတွင်း ပလက်မြို့အခြေစိုက် ခလရ ၂၈၉တပ်ရင်းမှ လက်ကြီးများဖြင့် တိုက်ပွဲဖြစ်နေသည့်နေရာသို့ တောက်လျောက် လက်နက်ကြီး ပစ်ကူပေးနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။
"အခုအချိန်ထိ လက်နက်ကြီးပစ်လို့မပြီးသေးဘူး။ လက်နက်ကြီးနဲ့ ပစ်ကူ ပေးနေတာ အကြိမ် ၂၀လောက်ရှိနေပြီ။ AAနဲ့ဖြစ်နေတာလို့ သိရတယ်"ဟု နေ့လယ် ၁၂ နာရီခွဲက ပြောသည်။
နောက်ထပ်ပလက်ဝမြိုခံတစ်ဦးကလည်း လက်နက်ငယ်၊လက်ကြီး အပြန်အလှန်ပစ်ခတ်နေသည်ကို အဆက်မပြတ်ကြားနေရသည်ဟု ပြောသည်။
"အပြန်အလှန်ပစ်နေတာ။ဒါက တစ်ဖက်သတ် ပစ်နေတာမဟုတ်ဘူး။တိုက်ပွဲဖြစ်နေတာပါ။ မြို့ပေါ်ကလည်း စစ်ကားတွေထွက်သွားတာတွေ့ လိုက်ရတယ်။ ၂၈၉တပ်ရင်းကလည်း အခုချိန်ထိ လက်နက်ကြီး ပစ်နေတုန်းပါ" ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိသေးပါ။
အဆိုပါအဘောင်သားကျေးရွာအနီးအနားတွင် ရက္ခိုင့်တပ်တော်(AA)ကလည်း တပ်စခန်းရှိသလို မြန်မာစစ်တပ်ဖက်ကလည်း တပ်စွဲနေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင်လည်း ပလက်မြို့နယ်၊ သံထောင်ကျေးရွာ အနီးတွင် မြန်မာစစ်တပ်၏ ရိက္ခာတင် ဆောင်လာသည့် ရဟတ်ယာဉ်တစ်စီးကို အေအေင လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။ (NN-11)

ဆက်စပ် သတင်းများ