တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် နှမဒါစခန်းကုန်းကို အေအေတို့ သိမ်းပိုက်နိုင်ခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.8k

နိရဥ္စရာ၊ သြဂုတ် ၂၅/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ နှမဒါ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) က ယနေ့ သြဂုတ်လ ၂၅ ရက်နေ့ မနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အေအေနှင့် နီးစပ်သူဒေသခံသူတစ်ဦးက ပြောသည်။

"ဒီနေ့ မနက်  ၁၀ နာရီခွဲလောက်မှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ၁၁ နာရီခွဲလောက်မှာ သူတို့မုန့်သန်းပြင်၊ မီးချောင်း၊ မီးချောင်းဝ ဗျူဟာကုန်းကနေပြီး ကြားညှပ်ပြီးပစ်တာမျိုးတွေ ရှိခဲ့တယ်။ အေအေကနှမဒါကုန်းစခန်းကိုတော့ သိမ်းလိုက်နိုင်ပါတယ်" ဟုပြောသည်။

တိုက်ပွဲသည် ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်အထိ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ၏ နှမဒါကုန်းတပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ယင်းအပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်ကုန်းများကို ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် စစ်ကောင်စီ လေတပ်က လာရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

"ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၁၁ နာရီခွဲ၊ ၁၂ နာရီ လောက်ထင်တယ်။ အဲ့တုန်းက လေကြောင်းက လာပစ်ပါတယ်။ ပြီးတော့ နောက်တစ်ကြိမ် ၃ နာရီလောက်က လာပစ်တယ်။ အဲ့ဒီအချိန်မှာတော့ ၂ ဘက်တိုက်ပွဲမရှိဘူး။ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေကို သူတို့ပြန်လာပစ်တာပါ" ဟု ပြောသည်။ 

နှမဒါကျေးရွာတွင် စစ်ကောင်စီ စခန်းကုန် ၂ ခုရှိပြီး နောက်စခန်းကုန်းတစ်ခုကို သိမ်းပိုက်နိုင်ရန် အေအေတို့ ဆက်လက်တိုက်ခိုက်နေသည်ဟု ၎င်းက ပြောကြားသည်။

"ဒီမနက် ၁၀ နာရီ ၄၅ မိနစ်လောက်ကဖြစ်တဲ့ တိုက်ပွဲမှာ နှမဒါကုန်း၂ ကုန်းမှာ ၁ ကုန်းကို အပိုင်ရခဲ့ပါတယ်။ နောက်ထပ်တောင်ကုန်းတစ်ကုန်းကို အခု တိုက်နေပါတယ်။ သူတို့ဘက်ကလည်း တပ်ရင်း ၂၈၉၊ မုန့်သန်းပြင်၊ တောင်ရှည်တောင်၊ လိပ်ခေါင်းတပ်တွေက တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို လက်နက်ကြီး မှန်းပစ်နေပါတယ်ဟု ပြောသည်။

ပလက်ဝဒေသခံတစ်ဦးက ယခုရက်ပိုင်းအတွင်း AA နှင့် စစ်ကောင်စီတို့ နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်ပွားနေပြီး ပလက်ဝအခြေစိုက် (၂၈၉) တပ်က လက်နက်ကြီးများ တစ်နေကုန်ပစ်ခတ်မှုရှိကြောင်း နိရဥ္စရာကို ပြောသည်။ 

"ဒီနေ့တိုက်ပွဲက မနက် ၁၀ နာရီကျော်လောက်ကတည်းက ပြင်းထန်နေတာပါ။ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လည်း လာပစ်ပါတယ် စစ်တပ်က။ (၂၈၉) ကလည်း တစ်နေကုန်လက်နက်ကြီးတွေ ပစ်တယ်။ ညနေ ၄ နာရီကျော်အထိ လက်နက်ကြီးသံတွေက ကြားနေရတာပါ"  ဟု ပြောသည်။ 

ပလက်ဝတိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ယမန်နေ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်ခန့်ကလည်း စစ်ရဟက်ယာဉ် ၂ စီးနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာနှင့် သူဌေးကုန်းအနီးကို လေကြောင်းက ပစ်ကူခဲ့ကြောင်း သိရသည်။ 

ယင်းအပြင် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးတွင်လည်း စစ်ကောင်စီနှင့် AA တို့  သြဂုတ် ၂၃ ရက်နေ့မှစကာ ၂၄ ရက်နေ့အထိ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့်အတွက် အဘောင်သားကျေးရွာသား ၅၀၀ ကျော် ပလက်ဝသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သြဂုတ်လအတွင်း စစ်ရေးပိုမိုပြင်းထန်လာကာ ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ