တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းမှ အရေးပါသော ခမောင်းဆိပ်ဗျူဟာတွင် အေအေနှင့် စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်နေ၊ ခမောင်းဆိပ်ဒေသခံတို့နေအိမ်များမှ ထွက်ပြေးရှောင်တိမ်းရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဉ္စရာ၊ သြဂုတ် ၂၆/၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှ စစ်ရေးအရ အရေးပါသည့် ခမောင်းဆိပ်ဗျူဟာအနီး ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှ ၃ နာရီ ၄၅ မိနစ်အချိန်အထိ တိုက်ပွဲပြင်းထန်နေသည့် အတွက် ခမောင်းဆိပ်ကျေးရွာသားများ ရာနှင့်ချီကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"အခု ခမောင်းဆိပ်ဗျူဟာမှာ တိုက်ပွဲဖြစ်နေပါတယ်။ ၂ နာရီ ၃၈ မိနစ်လောက်ကနေ အခုထိ ဖြစ်နေကြဆဲပါ။ ဗျူဟာက ရွာနဲ့နီးတော့ ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ လောလောဆယ် ဒီနေ့ ညနေ ဘယ်လိုစားရမလဲ။ ဘယ်လိုအိပ်ရမလဲကို ဇဝေဇဝါဖြစ်နေပါတယ်"ဟု ထွက်ပြေးနေသည့် ရွာသား တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိတွင် ကျေးရွာသားများသည် ရွာနှင့်မနီးမဝေးရှိ နေရာများတွင် ပုန်းခိုနေရကြောင်း တိမ်းရှောင်နေရသည့် ရွာသားတစ်ဦးကပြောသည်။

"မိုးသာရွာလာရင် ဘယ်လို လုပ်ရမလဲမသိတော့ပါဘူး။ အခု ရွာနဲ့မနီးမဝေး လုံခြုံတဲ့ နေရာတွေမှာ ပုန်းလို့ ဝှက်လို့နေနေပါတယ်။ ရေကန်တွေ၊ မြောင်းတွေမှာ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး ပုန်းနေရပါတယ်" ဟု ပြောသည်။

ယင်းအပြင် ခမောင်းဆိပ်ကျေးရွာအနီးမှ မင်းခမောင်းရွာသားတွေကိုလည်း စစ်တပ်က ရွာပြင်ထွက်ခွင့် ပိတ်ပင်ထားကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခနှင့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်အနီးတွင် ယမန်နေ့ကလည်း AA နှင့် စစ်ကောင်စီတို့ ၂ ဘက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ယနေ့တွင် ခမောင်းဆိပ် ဗျူဟာအထိ တိုက်ပွဲကျယ်ပြန့်လာခြင်းဖြစ်သည်။

ယင်းအပြင် စစ်ရေးတင်းမာမှုများနှင့် ရက္ခိုင့်တပ်တော်(AA )က စစ်ကောင်စီ၏ ထောက်ပို့ လမ်းကြောင်းများကိုဖြတ်တောက်ခြင်း၊ ထိုးစစ်ဆင်ခြင်းတို့ကြောင့် မောင်တောမြို့နယ် နန်းရာကိုင်းတပ်စခန်းနှင့် ဘူးသီးတောင်မြို့နယ်မှ ကျောင်းတောင်တပ်စခန်း အပြင် စစ်ကောင်စီတပ်စခန်းတချို့ စွန့်ခွာသွားမှုများရှိနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများမှာ ရခိုင်တောင်ပိုင်းဒေသအထိ ကျယ်ပြန့်လာနေပြီး တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ စတင်တိုက်ပွဲဖြစ်ပွားခဲ့သည်။  ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု အေအေသိမ်းယူနေကြောင်း ဒေသခံများက ပြောကြားသည်။ (NN-7)

ဆက်စပ် သတင်းများ